ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်ကော်အကျဉ်းထောင်တွင်း အခြေအနေ အလွန်ဆိုးရွားနေပြီး အစားအသောက်နှင့်ဆေးဝါးများ အရေးပေါ်လိုအပ်ရှိကာ နေစဉ့်စောင့်ကြည့်ပြီး အကူအညီများ အဆင်သင့် ပြင်ဆင်ထားကြရန် ကရင်နီနိုင်ငံရေး အကျဉ်းသားများစောင့်ရှောက်ရေးအသင်း – KPPA က တိုက်တွန်းထုတ်ပြန်ထားသည်။
“လက်ရှိမှာအကျဉ်းသား ၅၀၀ ထဲမှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၄၀ ရော ပိတ်မိနေပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရေး တက်ကြွလှုပ်ရှားသူ ကွန်ရက်က ပြောသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများ သည် လွိုင်ကော်အကျဉ် းထောင်ကို ခံတပ်သဖွယ်အသုံးပြု၍ အကျဉ်းသားများအပေါ်တွင်လည်း ဖိနှိပ်မှုများကို ပြုလုပ်လျက်ရှိသည့်အပြင် တိုက်ပွဲများအတွင်း၌လည်း လူသားတံတိုင်းသဖွယ် အသုံး ပြုနိုင်ခြေ ရှိနေကြောင်း ကရင်နီနိုင်ငံရေး အကျဉ်းသားများစောင့်ရှောက်ရေးအသင်း – KPPA က သတိပေးထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်နှင့် ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးအနေဖြင့် ကနဦးစုံစမ်းရရှိထားသည့် လွိုင်ကော် အကျဉ်းထောင်တွင်းအခြေ အနေမှာ အလွန်ဆိုးရွားလျက်ရှိပြီး အစားအသောက်နှင့် ဆေးဝါးများ အရေးတကြီးလိုအပ်နေကြောင်း၊ KPPA နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် နေ့စဉ်နှင့်အမျှ စောင့်ကြည့်လျက်ရှိပြီး လိုအပ် လာပါက အကူအညီများကို အဆင်သင့်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျှက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူလူထုများအနေဖြင့်လည်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်ပါရန် အသိပေး အပ်ပါ ကြောင်း ထုတ်ပြန်ထားသည်။
၁၁၁၁ (တစ်လေးလုံး) စစ်ဆင်ရေးနှင့်အတူ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အတွင်း ကရင်နီတော် လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီလက်အောက်ခံတပ်များအကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန် လျက်ရှိကြောင်း၊ လွိုင်ကော်မြို့တွင်း တိုက်ပွဲများကြောင့် ပိတ်မိနေသည့်ပြည်သူများစွာထဲတွင် လွိုင် ကော် အကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများအပါအဝင် စုစုပေါင်းအကျဉ်းသား ၅၀၀ ကျော်လည်း ပါဝင်နေကြောင်း သိရသည်။
ယမန်နှစ် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလအစောပိုင်းကာလ တိုက်ပွဲများ ဖြစ်ခဲ့ချိန်တွင်လည်း လွိုင်ကော် အကျဉ်းထောင်တွင်း၌ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပြတ်တောက်မှုကြောင့် စားရေးသောက်ရေး ခက်ခဲမှုများနှင်အတူ ကျန်းမာရေးထိခိုက်မှုများကို လွိုင်ကော်ထောင်ရှိအကျဉ်းသားများအားလုံး ခံစားခဲ့ရကြောင်း သိရသည်။