စစ်ကိုင်းတိုင်း၊ ဒီပဲယင်းနှင့် ရေဦးမြို့နယ်အစပ်ရှိ ဒေသခံပြည်သူများ၏ စပါးခင်းများအား ခိုးယူရိတ်သိမ်းရန် စက်ယန္တား ပါယူဆောင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များက မိုင်းဆွဲတိုက်ခိုက်ရာ ဆုတ်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။
ရေဦးမြို့နယ် မုတ်စီကျေးရွာရှိ စပါးခင်းများအား ရိတ်သိမ်းရန်အတွက် အင်အား ၈၀ခန့်ရှ်ိသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ သည် စပါးရိတ်သိမ်းစက်တစ်စီးနှင့်အတူ ရောက်ရှိလာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မုတ်စီမှာ စပါးရိတ်ဖို့ လာတာ။ မိုင်းထိသွားတော့ စက်ကြီးကို ရွာထဲမှာထားပြီး ခွေးစစ်ကြောင်းက ပတ်မွှေနေတယ်”ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် ဒီဇင်ဘာ ၁၆ရက်မှစတင်၍ ဒီပဲယင်းနှင့် ရေဦးမြို့နယ်စပ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးခြင်းဟု ဒေသခံများကပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဒီဇင်ဘာလ ၁၇ရက် နေ့လယ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်းသည် မုတ်စီ၊ ညောင်လှ၊မူးဆုံ၊ပျော်ဘွယ်၊မစိုးရိမ်၊ပင်စည်၊ အောင်ချမ်းသာနှင့် လတ်တီးကျေးရွာတို့ကို ဝင်ရောက်ပြီး ဒေသခံများ၏နေအိမ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ခိုက်မှုများရှိသော်လည်း ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။
“နည်းဗျူဟာကောင်းတဲ့ ဗိုလ်တကောင်ပါတယ်။ကျန်တာ ပျူစောထီးတွေ”ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။