စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့၍ ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၀ရက်နှင့် ၂၁ ရက်က စစ်ကောင်စီတပ်သည် ချောင်းဦးမြို့နယ် ပေါက်ပင်ကျေးရွာနှင့် ညောင်ပင်တဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း ဒေသခံများက ပြောသည်။
“ညောင်ပင်တဲမှာက နတ်တိုင်ကျောင်းပတ်လည် က တဲတွေကိုမီးရှို့နေတာလို့ သိရပြီး ပျက်စီးဆုံးရှုံးမှုကိုတော့ မသိရသေးပါဘူး။”ဟု ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီတပ်က မြို့အနီးရှိကျေးရွာများကို ဒီဇင်ဘာ၁၈ ရက်နှင့် ၁၉ ရက်နက (၈၁) မမ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် မှန်ချိုကျေးရွာနေပြည်သူ နှစ်ဦးနှင့် ကျီကုန်းကျေးရွာအနီး တောင်သူအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာလ ၂၂ ရက်) နံနက်ပိုင်းတွင် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်သားများ ခြေရှုပ်နေ၍ အဆိုပါလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းမပြုရန် Areal 71 People Defense Force Monywa အဖွဲ့က သတိပေးထားသည်။
စစ်ကောင်စီတပ်သည် ချောင်းဦးနယ်အတွင်း ဓားစာခံဖမ်းဆီးထားသည့် ဒေသခံပြည်သူ ၁၀၀ခန့်နှင့်အတူ ၁၀ရက်ကျော်ကြာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မြို့ပေါ်သို့ပြန်လည်ဝင်ရောက်ရန်ကြိုးစားနေကြောင်း သတင်းရရှိသည်။