အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ၏ တယာစက်ရုံ(ရွာမ) တွင် အလုပ်မလုပ်မချင်၍ ထွက်သွားကြသူများကို အလုပ်သမားခံဝန်စာချုပ်ဖောက်ဖျက်မှုဖြင့် စက်ရုံက တရားစွဲရာ တရားရုံးက အလုပ်သမားကို ငွေကျပ် ၂၉ သိန်း နီးပါး ပေးလျှော်ရန် အမိန့်ချမှတ်ထားကြောင်း သိရှိရသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ မှစတင် ၍ ဦးအောင်ကိုကိုထက်သည် ဦးအောင်ထူးနှင့်ဒေါ်ခင်မာဦး အပါအဝင် အတူနေ မိသားစုများနှင့်အတူ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)တွင် ၅ နှစ်တာဝန် ထမ်းဆောင်မည်ဆိုသော အလုပ်သမားစာချုပ်ဖြင့် အလုပ်လုပ်ခဲ့ကြောင်း၊ ယင်းနောက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ဦးအောင်ကိုကိုထက်က အလုပ်မဆင်းတော့ကြောင်း၊ စက်ရုံက လာရောက်ဖြေရှင်းရန် ၂ ကြိမ်ဆင့်ခေါ်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတာယာစက်ရုံ(ရွာမ)က အလုပ်သမားခံဝန် ဖောက်ဖျက်မှုဖြင့် အလုပ်ထွက်သွားသူ ဦးအောင်ကိုကိုထက်ကို ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့တွင် တရားစွဲဆိုကြောင်း ၊ အဆိုပါ စွဲဆိုချက်အတိုင်း အင်းစိန်မြို့နယ် တရားရုံးကလည်း စက်ရုံမှ အလုပ်ထွက်သူ ဦးအောင်ကိုကိုထက်သည် ၅ နှစ်တိတိ အလုပ်လုပ်ပါမည်ဆိုသော ခံဝန်ဖောက် ဖျက်သည်ဆိုကာ ငွေကျပ် ၂၈ သိန်း ၈ သောင်း ပေးလျှော်ရန် အမိန့်ချကြောင်း သိရှိရသည်။
“အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးကော်ပိုရေးရှင်းမှာ အလုပ်မလိုကြလို့ ခွင့်မဲ့ ပျက်ကွက်တွေနဲ့ ထွက် ပြေးသူ များပြားနေလို့ သတိပေးစာတွေနဲ့ ခြိမ်းခြောက်နေတာ။ တရားစွဲပြတာ” ဟု အလုပ်သမား သတင်းရင်းမြစ်က ပြောဆိုသည်။