ဟားခါးမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်ကြားရှိ ဘုံဇုံးကျေးရွာထိပ်ရှိ နေရာလေးနေရာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဘုံဇုံးစခန်းကို ဒီဇင်ဘာ ၁၈ ရက်မှာ Chinland Defense – Hakha၊ Chin National Army၊ Chinland Defense Force- Thlangtlang le Chinland Defense Force – KKG စတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ခက်ခက်ခဲခဲနဲ့ သိမ်းပိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်(Chinland Defense – Hakha)က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Operation Archuangtlang အမည်နဲ့ ဘုံဇုံးစခန်းကို ဒီဇင်ဘာ ၁၇ရက် ညနေ(၆)နာရီမှစတင်ပြီး ဒရုန်းနဲ့ ဗုံးသီး ၂၇၀ကျော်နဲ့ စတင်တိုက်ခိုက်ပြီး ၁၈ရက် နံနက် (၉)နာရီခွဲအချိန်မှ စခန်းအတွင်းကို ဝင်ရောက်တိုက်ခဲ့ကာ နံနက်(၁၀)နာရီခွဲမှာ အပြီးသပ်သိမ်းပိုက်လိုက်တာဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ နေရာ နှစ်နေရာမှာလည်း Operation Archuangtlang အမည်နဲ့ တိုက်ပွဲ ဖော်ဆောင်ခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်မှ ၈ ဦး သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် ၆ဦး ဖမ်းမိခဲ့ကြောင်းနဲ့ ထွက်ပြေးသွားတဲ့ အကြမ်းဖက်တပ်သား ၁၇ ဦးက အကြမ်းဖက်စစ်တပ်ရဲ့ ဂန့်ဂေါစခန်းကို ရောက်ရှိခဲ့သော်လည်း ၂ ဦးသေပြီး ၅ဦး ဆေးရုံတင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါအပြင် ဟားခါးမြို့ပေါ်တိုက်ပွဲမှာလည်း အကြမ်းဖက်စစ်တပ်သား တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဘုံဇုံးစခန်းသိမ်းတိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်(Chinland Defense Force – Hakha) မှ တော်လှန်ရေး ရဲဘော်နှစ်ဦးက တိုင်းပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စခန်းသိမ်းတိုက်ပွဲမှ 60mm- ၂ လက်၊ G3- ၁၀ လက်၊ M16- ၁၀ လက်၊ Shortgun- ၁ လက်၊ MA3-၂ လက်၊ MA4- ၁ လက်၊ MA1- ၁ လက်၊ Uzi- ၆ လက်၊ MA2- ၁ လက်၊ G4- ၂ လက်၊ Revolver- ၄ လက်၊ Pistol- ၁ လက် နဲ့ ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။