ညောင်ရွှေမြို့နယ်တောင်ပိုင်း စံကားဒေသမှာ စက်သုံးဆီများကို စိုက်ပျိုးရေးလုပ်ငန်းမှာသုံးဖို့အတွက် ဝယ်လို့ မရတာကြောင့် စိုက်ပျိုးထားတဲ့ သီးနှံတွေကို ရိတ်သိမ်းခြွေလှဲ့တာတွေ ဆောင်ရွက်ဖို့အတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အဲ့ဒီဒေသမှာက စက်သုံးဆီတွေ ပြတ်လပ်နေတာမျိုးမဟုတ်ပေမယ့် ကားနဲ့ဆိုင်ကယ်ထဲ ထည့်ဖို့သာ ဝယ်လို့ရပြီး လုပ်ငန်းခွင်မှာ သုံးဖို့အတွက် စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေက ဝယ်ယူရောင်းချခွင့်မပြုတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးဖို့ စက်သုံးဆီတွေ ဝယ်ယူလို့မရတာဖြစ်ပါတယ်။
အဲ့ဒီလို ဝယ်လို့မရတာကြောင့် လက်ရှိပြောင်းသိမ်းရာသီရောက်နေပြီဖြစ်ပေမယ့် ပြောင်းတွေကို ရိတ်သိမ်းတာ စက်နဲ့ပြောင်းဆံ ခြွေလှဲ့တာတွေကို အင်တိုက်အားတိုက်မပြုလုပ်နိုင်ကြဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ပီပါမပြောနဲ့ ပီပါအခွံသယ်ရင်တောင် မတရားရစ်ခံနေရတာ။ ပီပါနဲ့ဆီဝယ်ဖို့ဆိုတာ ရကိုမရတော့တာ။ ပီပါမှမဟုတ်ဘူး ပုံးနဲ့ဝယ်တာတောင်မရတော့ဘူး။ ကားထဲ ဆိုင်ကယ်ထဲ တစ်ခါတည်းထည့်မှပဲရတာ။ ပြောင်းတွေချွေဖို့ ပြောင်းချွေစက် အတွက်ဆို ကားထဲက ဒီဇယ်ကို ပြန်စုပ်ထုတ်ပြီး သုံးနေရတော့ လုပ်ငန်းက ဘယ်လိုမှ အလုပ်မဖြစ်တော့ဘူး”လို့ ဒေသခံတောင်သူတစ်ဦးကပြောပါတယ်။
အဲ့ဒီလိုနည်းလမ်းနဲ့ ဆောင်ရွက်နေရတာကြောင့် ပြောင်းဆံချွေခလည်း အရင်နှစ်ထက် စျေးများစွာပိုပေးရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“အရင်နှစ်ဆို ပြောင်းထည့်ဖို့အိတ်လည်း စက်သမားပဲထုတ်ရတာတောင်မှ တစ်အိတ်ကို ၃၀၀ ကျပ်ပဲ အခု ဒီနှစ်က ခြံရှင်ကပဲ အိတ်လည်းစိုက်ရတယ် ပြောင်းချွေခကလည်း တစ်အိတ်ကို ၅၀၀\၆၀၀ အနည်းဆုံးပေးရတယ်။ ဒါတောင်မှ ပြောင်းချွေစက်တွေက ဒီဇယ်ရှိလိုက် မရှိလိုက်နဲ့ နေ့တိုင်းမလည်ပတ်နိုင်ဘူး” လို့ ပြောင်းစိုက် တောင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ညောင်ရွှေမြို့နယ်တောင်ပိုင်းရှိ စံကားဒေသမှာ စက်သုံးဆီစျေးနှုန်းတွေဟာ တည်ငြိမ်မှုမရှိပဲ ၁ လီတာကို ၄၀၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်အထိ ပေးဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
အဲ့ဒီလို စိုက်ပျိုးရေးလုပ်ငန်းတွေ အစစအရာရာခက်ခဲနေပေမယ့် တောင်သူတွေ စိုက်ပျိုးတဲ့ ပြောင်းဟာ ဒီနှစ်မှာ စျေးကောင်းမရပဲ တစ်ပိဿာကို ၈၀၀ ကျပ်ဝန်းကျင်ခန့်သာရလို့ အရင်းပြန်ရဖို့တောင် မသေချာဘူးလို့ ပြောင်းစိုက်တောင်သူတွေကပြောပါတယ်။
ကရင်နီပြည်နယ်စပ်နဲ့ ထိကပ်နေတဲ့ ညောင်ရွှေမြို့နယ်တောင်ပိုင်း စံကားဒေသကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက စားနပ်ရိက္ခာတွေ စက်သုံးဆီတွေကို သယ်ယူခွင့်မပြုပဲ ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင်ပြည်သူများ ဒေသခံပြည်သူများဟာ အခက်အခဲကြုံနေရတာဖြစ်ပါတယ်။