မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိကျေးရွာများကို မီးရှို့ပြီး ပြန်လာသော အကြမ်းဖက် စစ်ကောင်စီ သံခွန်မော်တော်ရေယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး သူရအောင်အပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း Generation Z Power – GZP (Mandalay) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဒီဇင်ဘာလ ၂၀ ရက် နံနက် ၄ နာရီ မိနစ် ၃၀ ခန့်က မန္တရာမြို့နယ်၊ ဒေါင်းကျွန်းကျေးရွာနှင့် မတ္တရာ မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများကို မီးရှို့ပြီး သံခွန်မော်တော်ရေယာဉ်ဖြင့် ပြန်လည် ဆုတ်ခွာ လာသော အကြမ်းဖက်စစ်သား ၇၀ ခန့်ကို မွန်းလွဲ ၁ နာရိ ၁၅ မိနစ်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်လက်အောက်ခံ မန္တလေးရေကြောင်းရဲတပ်ဖွဲ့မှ ရဲမှူး သူရအောင်အပါအဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ၈ ဦးကျော်အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Generation Z Power-GZP (Mandalay) ၊ ပုသိမ်ကြီးပကဖ၊ မတ္တရာ ပကဖ၊ မန္တလေးခရိုင်တပ်ရင်း ၃ ၊ တပ်ရင်း ၄ ၊ ပြင်ဦးလွင်ခရိုင် တပ်ရင်း ၁ နှင့် BRA တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။