တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ “နွေဦးတိုက်ပွဲ အောင်ပွဲခေါ်သံ” ဆန္ဒပြပွဲနှင့် ရန်ပုံငွေရှာဖွေပွဲကို ယနေ့ ဘူဖျောင်းမြို့တွင် ကျင်းပပြုလုပ်ရာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် တစိုက်မတ်မတ် ပါဝင်နေကြသော မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က စီစဉ်ပြီး GMSR အဖွဲ့နှင့် အခြားတော်လှန်ရေး တက်ကြွသူ ၁၂၀ ခန့် ပါဝင်ခဲ့ကြကြောင်း၊ဟဆန္ဒပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ပြီး တော်လှန်ရေးအမှာစကား ပြောကြားရာတွင် စကစသို့ အခွန်မပေးရေးနှင့် နေထိုင်ခွင့် ဗီဇာကိစ္စအတွက် NUG ရုံးမှ ဆောင်ရွက်နေသည်များကို ရှင်းလင်း ပြောကြားသွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၏ ပူးတွဲဥက္ကဋ္ဌ ဦးဝင်းပေါ်မောင်က နွေဦးတော်လှန်ရေး ဖြစ်ထွန်းတိုးတက်မှုအခြေအနေနှင့် ဆက်လက်တိုက်ပွဲဝင်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ရန်ပုံငွေရှာဖွေရေးတွင် One Day Challenge မင်ဘာဝင်များ စုဆောင်းခြင်း၊ NUG ကိုယ်စားလှယ်ရုံး၏ Bond, EOD, SDB ဝန်ဆောင်ခြင်းများ ပြုလုပ်ပြီး ကော်မတီက လက်ဖက်ရည်နှင့် ကောက်ညှင်းပေါင်း စတုဒိသာကျွေးမွေးခဲ့ကြောင်း သိရှိရသည်။