စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ စေတီရွာနှင့် အောင်ဇေယျရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် နေ့စဥ် ဗုံးကျဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်ကာ စေတီရွာကို အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်း အဖွဲ့က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၇ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က စေတီ ကျေးရွာနှင့် အနီးဝန်းကျင်ကို လေယာဥ်ဖြင့် နေ့စဥ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ် ၅ လုံး ထပ်မံ ပျက်စီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်း အဖွဲ့ အောင်ဇေယျကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးလျက်ရှိပြီး လက်ရှိချိန်ထိ ကျေးရွာအတွင်း၌ စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောကြောင့် ပျက်စီးသွားသည့် နေအိမ် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
“တမူးမြို့ အထက်ဘက်က စေတီရွာကို စကစနှင့် SNA က မီးရှို့လို့ နေအိမ် ၇ လုံး မီးလောင်သွားတယ်။ ပြီးတော့ ရွာထဲနဲ့ အနီးဝန်းကျင်ကို လေယဉ်နဲ့ ဗုံးကျဲလို့ နေအိမ် ၅ လုံး ထပ်မံ ပျက်စီးတယ်။ စုစုပေါင်း နေအိမ် ၁၂ လုံး လောက်က ပျက်ဆီးနေတယ်။ အခု အောင်ဇေယျ ရွာကိုလည်း မီးရှို့နေတယ်။ မနေ့ကလည်း အောင်ဇေယျရွာကို ရှို့နေတာ စစ်ခွေးတွေ ရွာထဲမှာရှိနေတော့ ပျက်စီးမှု အသိရသေးဘူး။ စစစ်ခွေးတွေက တိုက်ပွဲရှိရှိမရှိရှိ ဗုံးကျဲနေတာ တစ်ခါလာရင် အလုံး၂၀ ကျဲချတာ တစ်ရက်ကို ၄ ကြိမ် ပုံမှန်လာကျဲတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။