“မဖြစ်နိုင်သည်မှာမရှိ” ဟူတဲ့စကားက ၁၀၂၇ စစ်ဆင်ရေးကြောင့် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ စစ်ကောင်စီကို တော်လှန်နေကြတဲ့သူတိုင်းအတွက် ယုံကြည်မှုခွန်အားကို ပိုမိုရရှိစေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြောဆိုလိုက်ပါတယ်။
“စစ်အာဏာရှင်စနစ်ကို အရင်က မဖြုတ်ချ နိုင်ခဲ့သော်လည်း အခုအချိန်မှာ လုံးဝဖြုတ်ချနိုင်ရမည်” ဆိုတဲ့ယုံကြည်ချက်က တစ်ရက်ပြီးတစ်ရက် ပိုမိုခိုင်မာလာ စေခဲ့တယ်လို့ဆိုပါတယ်။
ဒီအချက်က ပိုမိုမှန်ကန်ကြောင်း စစ်ကောင်စီရဲ့ နေ့စဉ်နဲ့အမျှ စွန့်လွှတ်၊ ဆုံးရှုံးနေရတဲ့ စခန်းကြီး၊ စခန်းငယ်တွေက သက်သေပြနေခြင်းဖြစ်တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ကပြောပါတယ်။
“Operation 1027” စစ်ဆင်ရေး ကို အောက်တိုဘာလ (၂၇) ရက်နေ့က ရှမ်းမြောက်ဒေသက အစပြုခဲ့သော် လည်း အခုအချိန်မှာ မြန်မာနိုင်ငံအနှံ့ ကျယ်ပြန့်တာ ထက်ကျယ်ပြန့်လာပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာ မနေထိုင်လိုတဲ့ သူတိုင်းကလဲ ရရာလက်နက်၊ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ တော်လှန်တိုက်ပွဲဝင်နေကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကြိုးပမ်းမှုသမိုင်းတလျှောက်မှာ ဒီနေ့အချိန်ကာလမှာ “မြန်မာ့တပ်မတော်” လို့ ခေါ်တဲ့ “စစ်ကောင်စီကို အမြစ်ပြုတ်မသွားတဲ့တိုင် မိမိတို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီတိုက်ပွဲဖော်ဆောင်နိုင်မှုတို့ကြောင့် ဘီလူးရုပ်ပေါ်သွားအောင် ပြုလုပ်နိုင်ခဲ့တာကလည်း အမှန်ဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြုတ်ရေးအတွက်မူ အခုထက် ဆက်လက် ကြိုးပမ်းရအုံးမှာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာပြည်သူလူထုတစ်ရပ်လုံးကို ဆယ်စုနှစ်ပေါင်းများစွာ လက်နက်အားကိုးနဲ့ ဖိနှိပ်အနိုင်ကျင့်၊ မုဒိမ်းကျင့်၊ ခိုး၊ ဆိုး၊ လုယက်သတ်ဖြတ်မှုကြောင့် ပြည်သူတစ်ရပ်လုံးက မလိုလားတဲ့ စစ်ကောင်စီကို အခုထက် ပိုမိုချိနဲ့ အားလျော့သွားစေဖို့အတွက် တော်လှန်ရေးအဖွဲ့အစည်း အဟောင်း၊ အသစ်တို့သာမက မြန်မာပြည်သူလူထု တစ်ရပ်လုံးကလည်း လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တော်လှန်တိုက်ခိုက်ရမယ့်အချိန်ကို ရောက်လာခဲ့ပြီဖြစ်တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က ပြောဆိုလိုက်ပါတယ်။