ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ် နယ်မြေ၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်မှာ KNU ခရိုင်ခေါင်းဆောင်တွေနဲ့ ကရင်အမျိုးသား ရဲတပ်ဖွဲ့က လုပ်ငန်းပိုင်းဆိုင်ရာ အစည်းအဝေးကို ၃ ရက်ကြာ ပြုလုပ်ခဲ့တယ်လို့ KNU- ဗဟိုက မနေ့က ထုတ်ပြန်ပါတယ်။
ခရိုင်အဆင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့တာပါ။
အစည်းအဝေးပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ ကေအဲန်ယူ – ဒူးသထူခရိုင်အတွင်း လူထု လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း စဥ်တွေကို ပိုမိုအားကောင်းစွာ လုပ်ဆောင်နိုင်ဖို့ အတွက် ဖြစ်တယ်လို့ ဒူးသထူခရိုင်ရဲ့ ရဲမင်းကြီး စောဆောဘော်နော်က ပြောပါတယ်။
အဆိုပါ အစည်းအဝေးကို ကေအဲန်ယူ-ဒူးသထူခရိုင်ရဲ့ (၁၂) ကြိမ်မြောက် ကွန်ကရက်ဖွဲ့စည်းပြီးနောက် ကော်သူးလေ ရဲဌာန အနေနဲ့ ပထမဆုံးအကြိမ် ကျင်းပခဲ့တာ ဖြစ်တယ်လို့လည်း အသိပေး ထားပါတယ်။
အစည်းအဝေးမှာ အကြောင်းအရာ ခေါင်းစဥ် (၁၈)ချက်ကို အကြေအလည် ဆွေးနွေးခဲ့ပြီးတော့ ၁၇ ချက်ကို အစည်းအဝေးဆုံးဖြတ်ချက်အဖြစ် ချမှတ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။
အဆိုပါအစည်းအဝေးကို ကေအဲန်ယူ – ကရင်အမျိုးသား အစည်း အရုံး၊ ခရိုင်၊ တပ်မဟာ၊ မြို့နယ် ခေါင်းဆောင်များ၊ တရားရေး၊ KWO ၊ KYO သတင်းဌာန၊ တာဝန်ရှိ သူများ ၄၀ ဦးခန့် တက်ရောက်ခဲ့ ကြတယ်လို့ ဖော်ပြထားပါတယ်။