စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားရာ အဆိုပါ စစ်ကြောင်းအား လိုက်လံတိုက်ခိုက် ရာ ထိခိုက်သေဆုံးမှုရှိကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နောင်ကြီးအိုင်ရဲကင်းစခန်း၌ စစ်အုပ်စုဝင် အင်အား ၃၀ခန့်ရှိပြီး ဒီဇင်ဘာ ၁၀ရက်က အင်အား ၆၀ခန့် ထပ်မံ ရောက်ရှိခဲ့သည်။
ထို့နောက် ၁၀ရက်အကြာ ဒီဇင်ဘာ ၂၀ရက်တွင် နောင်ကြီးအိုင်ရဲစခန်းမှ စစ်အုပ်စုဝင်များသည် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
“နောင်ကြီးအိုင်စခန်းထဲကို ရှင်းလင်းရေးလုပ်ပြီး ခွေးတွေ ကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ သိမ်းဆည်းခဲ့ပါတယ်။နောင်ကြီးအိုင်စခန်းကကောင်တွေက ပြည်သူတွေဆီကနေ မတရားသိမ်းယူထား၊ ပြန်ပေးဆွဲထားတဲ့ ပစ္စည်းတွေရှိပါတယ်။ ဆန်အိတ်တွေ အများအပြားပါဝင်ပါတယ်။ အဲ့ဒါတွေကို သက်ဆိုင်ရာပိုင်ရှင် ပြည်သူတွေထံ ပြန်အပ်နှံနိုင်ခဲ့ပါတယ်။”ဟု အရာတော်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စစ်ကြောင်းအား လိုက်လံတိုက်ခိုက်ရာ စစ်အုပ်စုဝင် ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်း အရာတော်(ပကဖ)အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ရန်သူက ၂၀ ရက်နေ့ စခန်းစွန့်ခွာသွားတာပါ။ စခန်းစွန့်ခွာစစ်ကြောင်းကို ဖြတ်တိုက်ခဲ့ပါတယ်။ ရန်သူ ၁၅ကောင်လောက် ထိခိုက်သေဆုံးနိုင်ပြီး အရာရှိတွေလည်း ပါဝင်ပါတယ်။ ရန်သူ့ရဲ့ နမခ MI-35 လေကြောင်းပစ်ကူကြောင့် စစ်ကြောင်းတခုလုံးကို အပြတ်မချေမှုန်းလိုက်ရတာပါ။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထို့နောက် စစ်ကြောင်းမှ သေဆုံးဒဏ်ရာရသူများအား ထမ်းစင်များဖြင့်သယ်ဆောင်ကာ အရာတော်မြို့ပေါ်သို့ ဆုတ်ခွာသွားကြောင်း ဒေသတွင်းပြည်သူ့ရဲဘော်များက ပြောသည်။
ဒီဇင်ဘာ ၂၃ ရက်တွင် နောင်ကြီးအိုင်ရဲကင်းစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက နယ်မြေ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။