ကရင်နီပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ကာလ ၂ နှစ်ကျော်ထိရှိနေကြပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ခရစ်စမတ်နေ့ကို အကျဉ်းချုံးသာပြုလုပ်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
ဒါ့အပြင် အရင်နှစ်ကထပ် အခုနှစ်မှာ ပိုမိုခက်ခဲလာပြီး ကယ်ရိုစင်းထွက်တာ၊ အစားအသောက်ကျွေးမွေးတာတွေကို တွင်တွင်ကျယ်ကျယ်မပြုလုပ်နိုင်ဘဲ ဘုရားရှိခိုးမှုကိုသာ အဓိကထား ပြုလုပ်ကြမယ်လို့ ပြောပါတယ်။
“ဟိုးအရင်ကဆို ပျော်ပျော်ရွှင်ရွှင်နဲ့ တအိမ်ပြီးတအိမ် မုန့်တွေလုပ်စားကြတယ်။ လဲစားကြတယ်။ အခုတော့ ဒီအခြေအနေမှာ ပြန်နှိုင်းကြည့်ရင် လုံးဝအဆင်မပြေဘူးပေါ့နော်။ ဘုရားကျောင်းကိုလည်း အဆင်ပြေသလိုလေးဆောက်လုပ်ထားရတယ်။ အသံလည်းအကျယ်ကြီးမထွက်ဘဲ တိုးတိုးတိတ်တိတ်လေးပဲပေါ့”လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။
ခရစ်စမတ်နေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ညနေကစပြီး သီချင်းတိုက်တာတွေ၊ ဘုရားကျောင်းကို အကျဉ်းချုံးအလှဆင်တာတွေ၊ သက်ဆိုင်ရာ ဘာသာရေးဆရာတွေကို ဖိတ်ကြားတာတွေနဲ့ မနက်ဖြန်မှာတော့ အဓိကအနေနဲ့ ဘုရားရှိခိုးဝတ်ပြုဆုတောင်းတာတွေကိုသာ ပြုလုပ်ကြမယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကရင်နီပြည်နယ်မှာရှိတဲ့ ဘုရားကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက်တာကြောင့် အဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ရပေမယ့် စစ်ဘေးရှောင်ပြည်သူတွေက မိမိတတ်နိုင်တဲ့ဘက်ကနေ အကျဉ်းချုံးဖြတ်သန်းနေရတာဖြစ်တယ်လို့ သိရပါတယ်။