မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း( ၄၀၆)၏ စစ်သုံးပစ္စည်းများတင်ဆောင်လာသော ကားတစ်စီးကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့ကဖမ်းဆီးလိုက်သည်။
ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်) နံနက် ၉ နာရီခွဲခန့်က ရေးမြို့နယ်၊ ကနင်ကမော့နှင့်အောင်သာယာကြားတွင် စစ်သုံးပစ္စည်းတွေ တင်ဆောင်လာသည့် လိုက်ထရပ်ယာဉ်တစ်စီးကို ဖမ်းဆီးရမိခဲ့ခြင်းဟု ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက ယနေ့(ဒီဇင်ဘာလ ၂၅ရက်) သတင်းထုတ်ပြန်သည်။
အဆိုပါ ကားပေါ်မှ စစ်ယူနီဖောင်း၊ စစ်ဝတ်တန်ဆာပလာ၊ ဆိုင်ကယ်နှစ်စီး၊ အိုးခွက်ပန်းကန်များ၊ အဝတ်အစား၊ ရေခဲသေတ္တာနှင့် စာရွက်စာတမ်းအချို့ သိမ်းဆည်းနိုင်ခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်တွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က နယ်မြေစိုးမိုးရေးနှင့်လုံခြုံရေးရယူစစ်ဆေးခြင်းကို နေ့စဉ်ဆောင်ရွက်လျက်ရှိနေ၍
စစ်ကောင်စီတပ်သည် စစ်ပစ္စည်းအသုံးအဆောင်များကိုပင် ခရီးသည်တင်ယာဉ်များ၊ အရပ်ဖက်သုံး မော်တော်ယာဉ်များနှင့်သာ ရွှေ့ပြောင်းနေရကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။
မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းပိုင်း၌ သွားလာနေသော မော်တော်ယာဉ်များအနေဖြင့် စစ်ကောင်စီ နှင့်ပတ်သက်သူများ၊ ပစ္စည်းများ တင်ဆောင်ခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့်စစ်ကောင်စီယာဥ်များဖြင့် လိုက်ပါစီးနင်းခြင်းမပြုလုပ်ကြရန်ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ်(၃)စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်းက ထပ်မံတိုက်တွန်းထားသည်။