ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံရှိ စစ်ကောင်စီတပ် ဘန်ကာကို ယမန်နေ့ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myanmar People Revolutionary Army ,Yangon UG အဖွဲ့က အသိပေးထုတ်ပြန်သည်။
ယမန်နေ့ (နိုဝင်ဘာ ၂၄) ည ၈ နာရီ ၆ မိနစ်တွင် ခရစ်စမတ်နေ့အကြိုအဖြစ် သမိုင်းလမ်းဆုံ မီးပွိုင့်အနီးရှိ စစ်ကောင်စီဘန်ကာကို ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင်အချို့ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း MPRA, Yangon UG အဖွဲ့က ဆိုသည်။
“ညက သမိုင်းလမ်းဆုံ စစ်ဆင်ရေးအပြီး စစ်ခွေးအချို့ထိခိုက်မှုနဲ့ အသေပျောက်ရှိတယ်လို့ သတင်းကြားပါတယ်။ အကြမ်းဖက်စစ်ခွေးတွေ ပိုက်စိပ်တိုက် လိုက်လံစစ်ဆေးနေတယ်လို့လည်း မြေပြင်သတင်းအရ သိရပါတယ်။ စစ်ဆင်ရေးပြီးတဲ့နောက် တော်လှန်ရေးအဖွဲသားတွေ အားလုံး ဘေးကင်းရာကို ရောက်ရှိနေပါပြီ” ဟု MPRA Yangon UG အဖွဲ့က ဆိုသည်။
MPRA Yangon UG အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်တိုက်ခိုက်သွားမည်ဟု ကတိသစ္စာပြုအပ်ကြောင်းလည်း အသိပေးထားသည်။
“ညက ၈ နာရီကျော်လောက် သမိုင်းလမ်းဆုံဘက်မှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ လှိုင်ဘက်က လူတွေတောင် ကြားလိုက် ကြတယ်။ သမိုင်းလမ်းဆုံ City Mart ရှေ့က ဘန်ကာမှာ ပေါက်တာပါ။ လူနာတင်ကားတွေ သွားနေတာလည်း တွေ့လိုက်တယ်။ စစ်သားအချို့ ထိခိုက်မှုရှိတယ်လို့ ကြားပါတယ်”ဟု မရမ်းကုန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ကျောင်းလမ်းနှင့် သာကေတမြို့နယ် ဝါးတားဘွန်းအနီးတို့တွင်လည်း ပေါက်ကွဲသံများ ဒကြားရကြောင်း ဒေသခံပြည်သူ အချို့က ပြောသည်။