အကျဉ်းထောင်တွေမှာ ၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ နိုင်ငံရေး အကျဉ်းသူ၊အကျဉ်းသား ၁၆ ဦးသေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံအကျဉ်းသားများကွန်ရက်ထံကသိရပါတယ်။
ဆေးဝါးကုသခွင့်မရတာ ၊ ဆေးဝါးမရရှိတာတွေကြောင့် အကျဉ်းသား ၁၅ ဦးနဲ့ အကျဉ်းသူ ၁ဦး သေဆုံးခဲ့ရတာလို့ သိရပါတယ်။
သေဆုံးမှုဖြစ်ပွားခဲ့တဲ့ အကျဉ်းထောင်တွေဟာ မြင်းခြံ၊ သာယာဝတီ၊ အင်းစိန်၊ မကွေး၊ကလေး၊ ကျိုက်မရော နဲ့ ဒိုက်ဦး အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေဖြစ်ကြပါတယ်။
“ဒီစာရင်းဟာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်နဲ့ ကောက်ယူရရှိတဲ့အတိုင်းတာပါ ၊ဒီထောင်၇ ထောင်မှာပဲ စုံစမ်းရမိသလောက်ပါ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက်ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၀ ကျော်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထားပြီး အဲဒီထောင်တွေမှာလည်း သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
ထောင်တွင်း ဝမ်းပျက်ဝမ်းလျော ဝေဒနာ ပြင်းပြင်းထန်ထန်ခံစားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်ဘူးလို့ ဆိုပါတယ်။
“ဓာတ်ဆားတစ်ထုပ်ပဲရတယ်၊ကျန်တဲ့ဆေးက ရက်လွန်နေလို့ မသောက်ပဲ အသက်ရှင်ဖို့ကြိုးစားခဲ့ရတယ်” လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဲဒီ နိုင်ငံရေးအကျဉ်းသားဟောင်းကပြောပါတယ်။
အကျဉ်းသားတစ်ဦး နာမကျန်းဖြစ်ရင် ဆရာဝန်ပြသပေးဖို့ ထောင်အာဏာပိုင်တွေဆီ အဆင့်ဆင့် အကြောင်းကြားရတဲ့ အတွက် မလိုအပ်ဘဲ အချိန်ကြာမြင့်နေတယ်လို့လည်းဆိုပါတယ်။
“ သားအိမ်ကင်ဆာအဆင့် ၃ဖြစ်နေလို့ ကုသချင်တယ် ၊ဆေးဝါးကုသခွင့်မရဘဲ နှစ်လလောက်နေတော့ ဆုံးသွားတယ်၊ ဘာမှမလုပ်ပေးနိုင်ဘူး”လို့ ထောင်တွင်းမှာ ကြုံခဲ့ရတာကို ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတစ်ဦး ပြောပါတယ်။