စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေစဥ် အဖွားအို ၂ ဦး သေဆုံး ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်အတွင်းရှိ ဖလံချိုင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာသည့် အသက် ၈၇ နှစ်အရွယ် အဖွား ဒေါ်အုန်းရွှေနှင့် အသက် ၉၂ နှစ်အရွယ် အဖွား ဒေါ်အေးကြံတို့ ရာသီဥတုဒဏ်နှင့် စစ်ဘေးရှောင်ရင်း စိုးရိမ်ပူပန်မှုများကြောင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(တောင်)ရွာကို အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ပြီး ပြည်သူပိုင်နေအိမ် ၉ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ထံမှ သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းသည် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကာဘိုးရွာမှတစ်ဆင့် ထွက်လာသော စစ်ကြောင်းဖြစ်ပြီး ငါးရာနဲ(တောင်)ရွာကို မီးရှို့ဖျက်ဆီးကာ ညနေ ၃ နာရီဝန်းကျင်တွင် ချင်မြစ်ကျင်းရွာကို စစ်ကြောင်းထိုးဝင်ရောက်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။
အလားတူ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင်လည်း ထန်းကုန်းတိုက်နယ်အတွင်းရှိ ညောင်ပေါင်ရင်းရွာကို ကန့်ဘလူ ၆၀၀၆ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် အင်အား ၁၀၀ ကျော်က အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူပိုင်နေအိမ် ၁၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးနေခြင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ငါးရာနဲ၊ သိုးဘိုး၊ ကိုးမြို့၊ ချင်မြစ်ကျင်း၊ ဖလံချိုင်၊ သရက်ခေါင်း နှင့် ညောင်ဇင်ကြီးကျေးရွာ ၆ ရွာမှ အဒေသပြည်သူ ၁၀၀၀၀ ခန့် အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။