ချင်းပြည်နယ် မင်းတပ်မြို့နယ် မတူပီမြို့နယ်နှင့် မကွေးတိုင်း ထီးလင်းမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF-Mindat ထံမှ သိရသည်။
ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၂ ရက်နေ့ထိ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)၊ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားကာ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ ရဲဘော် ၂ ဦး တိုင်းပြည်နှင့် လူမျိူးအတွက် အသက်ပေးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့တွင် မင်းတပ်မြို့အတွင်း ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မတူပီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ထယ်ဘွေးစခန်းရှိ စခန်းကုန်း ၂ ခုကို CDF-Mindat ၊ CNDF ၊ CDF-Mutupi ၊ CDF-Loutu ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ပြီး တစ်နေကုန် တိုက်ပွဲ ပြင်းထန်ကာ ည ၈ နာရီခန့်တွင် CDF-Mindat မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ စခန်းကုန်း ၂ ခုကို ပူးပေါင်း တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မင်းတပ်မြို့အတွင်း အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး၊ အထက ကျောင်း၊ ရန်အောင်စေတီခကင်းစခန်းတို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) အနေဖြင့် စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖော် ဆောင်နိုင်ရေး အတွက် လက်ရှိ ပြုလုပ် လျက်ရှိသည့် Project Mindat 2024 ကမ်ပိန်းကို ပြည်သူများ အနေဖြင့် ပါဝင် အားဖြည့် ကူညီပေးနိုင်ကြောင်း မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။