ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ထဲ နမ္မတူဘက်က အဝင်လမ်းကို စစ်ကောင်စီက ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ယာယီ ပိတ်ထားတာကြောင့် နမ္မတူက စစ်ရှောင်အများအပြားဟာ မန်စံရွာမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လားရှိုးကနေ နမ္မတူဘက်အထွက် ဆီဆိုင်နားနဲ့ နောင်လိုင်ရွာတို့မှာ စစ်တပ်က လမ်းပိတ်ထားပြီး အီနိုင်းရွာမှာ TNLA ဦးဆောင်တဲ့ မဟာမိတ်တွေက လမ်းပိတ်ထားတာကြောင့် ပိတ်မိနေတာဖြစ်ပြီး စစ်ရှောင်ဦးရေ ထောင်ဂဏန်းခန့်ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အာဏာက ပြောင်းဝမှာရှိတယ်။ လားရှိုးမြို့ထဲ ပေးဝင်တဲ့သူတွေကိုလည်း ပြန်မထွက်ခိုင်းတော့ဘူး။ ဒလဟော ပေးဝင်နေတာတော့ မဟုတ်ဘူး။ တန်းစီနေတဲ့ ပိတ်ဆို့နေတဲ့ လူတွေ ရှင်းလိုက်တဲ့သဘောပါ။ ဝင်ပြီးရင်ပြန်ထွက်လို့တော့ မရတော့ဘူး။ ဘာမှန်းကို မသိတော့ဘူး။ အခြေအနေက ခဏခဏ ပြောင်းနေတာ” လို့ သူက ရှင်းပြပါတယ်။
နမ္မတူလမ်းဘက် ယာယီအဝင်အထွက် ပိတ်ထားပေမယ့် မန္တလေးဘက်အထွက်ဖြစ်တဲ့ မယ်ဟန်ဂိတ်ကနေတော့ ဒီနေ့မှာ ဝင်လို့ထွက်လို့ရနေတယ်လို့ ခရီးသွားတစ်ဦးက ပြောပါတယ်။
စစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် ပူးပေါင်းအဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လမ်းမတွေအများစုကို လက်ရှိမှာ သွားလာခွင့်ပိတ်ထားပြီး တချို့ လမ်းတွေတော့ ပိတ်လိုက်၊ ဖွင့်လိုက် ဖြစ်နေကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။