စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သား အားလုံး စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း Phoneix SSG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၊ ပျူစောထီးများ ပြန်လည်ခုခံခြင်းမရှိပဲ ထွက်ပြေးသွားသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်သော ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခုအားရှင်းလင်းခဲ့ကြောင်း သိရသည်။
“လက်နက်တော့မရလိုက်ဘူး၊ သူတို့က ထွက်ပြေးတာ၊ ပစ်ခတ်မှုမဖြစ်လိုက်ဘူး၊ အဲဒါနဲ့ စခန်းကို မီးရှို့ပေးခဲ့တယ်။ ဘန်ကာ ၁၆ ခု၊ ဗုံးခိုကျင်း ၆ ခု၊ ယူနီဖောင်း ၂ စုံ၊ ဦးထုပ် ၃ လုံး သိမ်းဆည်းရရှိခဲ့တယ်ဗျ၊ စစ်ကိုင်းမြို့နယ်မှာတော့ ပထမ ဆုံးပျူရွာကို သိမ်းနိုင်တာပေါ့” ဟု Phoenix SGG တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ ရှင်းလင်းမှုကို Phoneix SGG ၊ စစ်ကိုင်းမြို့နယ် ပကဖ ၊ စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerilla Force ၊ Fight For Federal ၊ Young Wolf နှင့် နယ်မြေဒေသ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။