နတ်သံကွင်းမြို့က စစ်ကောင်စီတပ်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ကေအဲန်ယူ တပ်မဟာ ၃၊ တပ်ရင်း (၉) မှာ တာဝန် ထမ်းဆောင်နေတဲ့ မြိတ် နည်းပညာ တက္ကသိုလ်ကျောင်းသားတစ်ဦး ကျဆုံးခဲ့ပါတယ်။
ကျဆုံးခဲ့တဲ့ကျောင်းသားက အသက် ၂၄ နှစ်အရွယ် ကိုကောင်းထက်စံ (ခေါ် ) ရဲဘော်ဗြသုန်ပါ။သူဟာ စစ်တပ်က အာဏာမသိမ်းခင်ကာလမှာ တတိယနှစ် စက်မှုအင်ဂျင်နီယာကျောင်းသားဖြစ်ပြီး မြိတ်နည်းပညာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက အမှုဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
ပဲခူးတိုင်းထဲက ကျောက်ကြီးမြို့နယ်မှာရှိတဲ့ နတ်သံကွင်းမြို့က စစ်ကောင်စီတပ်ရဲ့ အုန်းနှဲပင်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ မနေ့က မနက် ၅ နာရီခွဲဝန်းကျင်က ကျဆုံးခဲ့တာလို့ မြိတ်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂဆီကသိရပါတယ်။
“ တိုက်ပွဲမှာသူ သေနတ်ကျည်ထိမှန်ဒဏ်ရာနဲ့ ကျဆုံးခဲ့ပါတယ်။ လက်ရှိမှာ ကျနော်တို့မိသားစုနဲ့ အဆက်အသွယ် ရထားပြီးဖြစ်တယ်။ ကျနော်တို့အနေနဲ့ ပြန်လည်ကုစားရေးနဲ့ အသိအမှတ်ပြုမှတ်တမ်းတင်တဲ့ လုပ်ငန်းစဉ်တွေ ဆက်ပြီးလုပ်ဆောင်သွားဖို့ရှိပါတယ်” လို့ မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ တော်လှန်ရေး ဦးဆောင်ကော်မတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော်ဗြသုန်ဟာ စစ်တပ်ကအာဏာသိမ်းစကာလမှာလည်း မြိတ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တော်လှန်ရေးဦးဆောင် ကော်မတီဝင်တစ်ဦးအနေနဲ့ ဆက်လက်လှုပ်ရှားခဲ့ပြီး တပြိုင်တည်းမှာပဲ လက်နက်ကိုင် တော်လှန်ရေး တာဝန်ကို ထမ်းဆောင်နေခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူက ပြောပြပါတယ်။
ကိုကောင်းထက်စံဟာ အာဏာရှင်တော်လှန်ရေးမှာ မြိတ်နည်းပညာတက္ကသိုလ်က ပထမဆုံး ကျဆုံးခဲ့ရတဲ့ ကျောင်းသား ဖြစ်ပါတယ်။ မြိတ်နည်းပညာတက္ကသိုလ်က ဖမ်းဆီးခံရတဲ့ ကျောင်သားကတော့ ၅ ဦးထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
နတ်သံကွင်းမြို့က ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၈ ဦးသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်း ရမိထားကြောင်းကို တောင်ပိုင်းတိုင်း၊ အထူးကွန်မန်ဒိုတပ်ရင်းက ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
အုန်းနှဲပင်ဂိတ်စခန်းသိမ်းတိုက်ပွဲမှာ ကိုကောင်းထက်စံ (ခေါ် ) ရဲဘော်ဗြသုန်အပြင် ရန်ကုန်နဲ့ပဲခူးတိုင်းတို့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စုစည်းထားတဲ့ ဒေါင်းမင်းစစ်ကြောင်းက အသက် ၁၈ နှစ်အရွယ် ရဲဘော်သတ္တိ (ခေါ်) ကိုဘိုဘိုထွန်းလည်း ကျဆုံးခဲ့တယ်လို့ ဒေါင်းမင်းစစ်ကြောင်းနဲ့ မြန်မာမွတ်စလင်မ် တော်လှန်ရေးအင်အားစုတွေက စာထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ အခုလအစပိုင်းမှာ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ကိုလည်း ဝင် ရောက်ပြီး စစ်ကောင်စီတပ်ရင်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။