ကျောက်ကြီးမြို့နယ်ဘက်ကနေ ပဲနွယ်ကုန်းမြို့နယ်ဘက်ကိုလာတဲ့လမ်းပေါ်မှာရှိတဲ့ သဲကောကျေးရွာနားတစ်ဝိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ ဒီမနက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၇ရက် မနက်အစောပိုင်းက စတင်ပြီး တိုက်ပွဲပြင်းထန်နေတာဖြစ်ကာ စစ်ကောင်စီတပ်ဘက်က ၂၀ခန့် သေဆုံးသွားပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး မဲခေါင်သတင်းအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်နေပြီး သဲကောဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျတာကြောင့် ကျောင်းထိုင်ဘုန်းကြီး ပျံလွန်တော်မူသွားတယ်လို့ ဒေသခံက ပြောပါတယ်။
KNU တပ်မဟာ ၃နယ်မြေနဲ့ ထိစပ်နေတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင်၊ ရွှေကျင်၊ ကျောက်ကြီးမြို့နယ်တဝိုက်မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီလပိုင်းထဲ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
မနေ့ ဒီဇင်ဘာ ၂၆ရက်မှာလည်း ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းသိမ်းနိုင်ခဲ့ပါတယ်။