ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်ရသည့် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ကို ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်ရသည့် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်တို့ကို ကျေးပင်အင်ရွာရှိ ၎င်းတို့၏ နေအိမ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်တို့ နေအိမ်အတွင်းမှ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်၊ စကားပြောစက် ၁ လုံးကို သိမ်းဆည်းရရှိပြီး သန်းနိုင် ကိုင်ဆောင်သည့် ပစ္စတိုသေနတ်ကို မတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်သည် အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များနှင့် PDF စခန်း တည်နေရာများကို ထောက်လှမ်းသတင်းပို့ခြင်း၊ လောင်းကစားဝိုင်းများနှင့် ချဲနှစ်လုံးဒိုင်များထံ လိုက်လံ ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများကို စကစများအားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“လက်နက်ကိုင် ပျူစောထီး လင်မယားက မနက် ၅ နာရီ ၂၀ လောက်မှာ ရေတာရွာ နဲ့ ကျေးပင်အင်ရွာကို လာတော့ ကျွန်တော်တို့က အဲရွာ ၂ ရွာ အကြားမှာ ပစ်ခတ် တိုက်ခိုက်ဖို့ စောင့်နေတာ ကျွန်တော်တို့ကို မြင်ပြီး ကျေးပင်အင်ရွာက သူတို့အိမ်ကို ထွက်ပြေးတာ အဲ့ဒါနဲ့ နောက်ကလိုက်ပစ်ရင်း အိမ်ထဲမှာပဲ လင်မယား ၂ ဦးလုံးသေဆုံးသွားတာ သူတို့လင်မယားက အရမ်းဆိုးတယ် ရေတာရွာမှာ မနေရဲလို့ ရှောင်နေရတဲ့ ပျူခေါင်းဆောင် ကျော်ကြီးရဲ့တပည့်တွေ ရွာမှာ သေနတ်တပြပြ ဗုံးတပြပြနဲ့ ပြည်သူတွေကို အရမ်းဒုက္ခပေးတယ်။ သူကိုင်တဲ့ သေနတ်တော့ ရှာတာမတွေ့ခဲ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ ပြောဆိုသည်။