ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ခမရ ၃၂၄ကို TNLA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် အစောပိုင်းက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၂၇ရက် တစ်ရက်လုံး တိုက်ပွဲပြင်းထန်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ရှိနေတဲ့ နမ္မတူ ခမရ ၃၂၄ တပ်စခန်းတဝိုက်မှာ ဒီမနက်တော့ အသံတွေငြိမ်သွားပြီလို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။
မနက်အစောပိုင်း ၄ နာရီခန့်က စစ်ကောင်စီတပ်စခန်း ရှိရာဘက်က အော်သံတွေကို အဝေးကတောင်ကြားနေရပြီး စခန်းသိမ်းဆည်းရရှိမှုနဲ့ ပတ်သက်လို့တော့ အသေးစိတ် မသိရသေးဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။
“သိမ်းစရာ၊ ရှင်းစရာတွေ အများကြီး ရှိသေးတယ်လေ။ မပြီးသေးဘူး။ တစ်ဖွဲ့ထဲတော့ မဟုတ်ဘူး။ အဖွဲ့ စုံပဲ။ အကုန်ရောတယ်” လို့ သူက ရှင်းပြပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “နမ္မတူ(တပ်စခန်း) သိမ်းလိုက်တာ ဟုတ်ပါတယ်။ တရားဝင်တော့ မထုတ်လာသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစလို့ နမ္မတူ စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ ပူးပေါင်း တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက် သေဆုံးမှု ရှိသလို နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။