စစ်ကိုင်းတိုင်း၊ မုံရွာမြို့စက်မှူဇုန်တွင် စက်ရုံများအား ငွေတောင်းခံရန်လာသည့် ရဲကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်ရာ ရဲသုံးဦးကျည်ထိမှန်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း(၂၂)တပ်ရင်းမှူး နတ်ဆိုးက ပြောသည်။
ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၁နာရီ ၁၁ မိနစ်ခန့်က မုံရွာမြို့စက်မှု (၂ )ဇီဇဝါလမ်းအနီးရှိ အလုပ်ရုံများအား ငွေလာတောင်းသည့် ရဲကားနှစ်စီးအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၂၂က ယနေ့ ဒီဇင်ဘာ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
ပစ်ခတ်မှုကြောင့် ရဲ သုံးဦး ကျည်ထိမှန်ကာလဲကျ သွားပြီး သေဆုံးမှုရှိ၊မရှိ အတည်မပြုနိုင်သေးကြောင်း မုံရွာခရိုင်တပ်ရင်း (၂၂)တပ်ရင်းမှူး နတ်ဆိုးက ပြောသည်။
“ကားနှစ်စီးပေါ်မှာ ၁၂ ယောက်ပါတာ။ အတွင်းထဲမှာ(စက်ရုံတွေထဲမှာ) တချို့ကဝင်တောင်းနေတာ။ တချို့ ကားပေါ်က ဆင်းပြီးမှ ကင်းချန်ထားတဲ့သူတွေနဲ့ ကားပေါ်မှာ ကျန်ရစ်တဲ့သူတွေကိုပစ်တာ။စက္ကန့် ၃၀လောက်ပါ။ သူတို့က
ကားနဲ့မလှမ်းမကမ်းမှာ ရှိနေတာပါ။ သူတို့်ပြန် ပစ်ပါတယ်။ ရဲဘော်တွေ အန္တရာယ်ကင်းပါတယ်။သူတို့လဲကျသွားတာ ကတော့ ပြည်သူတွေရော ကျွန်တော်တို့ရဲဘော်တွေရောမြင်ရပါတယ်။”ဟု နတ်ဆိုးက ပြောသည်။
သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင် တပ်ရင်း (၁၃) Aung San Generationနှင့် မုံရွာခရိုင် တပ်ရင်း (၂၂)နတ်ဆိုးတပ်ရင်းက ရဲဘော်များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်နှင့် စက်မှုဇုန်ဝန်းကျင်ကို ကားများဖြင့်လှည့်လည်၍ ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
ဒီဇင်ဘာ၂၄ ရက်ကပင် မုံရွာမြို့နယ် သာစည်အကျဥ်းထောင်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ရဲများအား ဒေသတွင်း PDFများက နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးကာ သေနတ် သုံးလတ် ရရှိခဲ့သေးသည်။