မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲနယ်မြေရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၆ ရက် ည ၈နာရီခန့်က ဝမ်းတွင်းမြို့နယ် အနောက်ခြမ်းရှိ ပင်းတလဲနယ်မြေရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စခန်းအတွင်းသို့ လက်နက်ကြီးကျည် သုံးလုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း WTRF၏ တာဝန်ရှိသူက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း၊ အထိနာသွားသည့် စစ်အုပ်စုက ပြည်သူများကိုပါ ပစ်သတ်မည်ဟု ခြိမ်းခြောက်သွားကြောင်း WTRF၏ တာဝန်ရှိသူက ဆိုသည်။
“ဆက်တိုက်ပစ်တာ။ ပစ်ခတ်ချိန်က ၇မိနစ်လောက်ပဲကြာတာ။ ခွေးတွေဘက်က တအားပြန်ပစ်နေတာနဲ့ ပြန်ဆုတ်လာခဲ့တာ အထိအခိုက်ကမသိရသေးဘူး”ဟု WTRF ၏ တာဝန်ရှိသူက ပြောသည်။
ပင်းတလဲနယ်မြေရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဝမ်းတွင်းမြို့နယ်အတွင်း စစ်ဆေးရေး တင်းကြပ်ခဲ့ကြောင်း နယ်ခံများက ပြောသည်။
“သူတို့အထုခံရတာနဲ့ပတ်သက်ပြီး ဒီနေ့အစစ်အဆေး တအားတင်းကြပ်နေတာ”ဟု ဝမ်းတွင်းနယ်ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်ကလည်း အဆိုပါပင်းတလဲရဲစခန်းကိုပင် WTRF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီတပ်အား အရှိန်မြှင့် တော်လှန်တိုက်ခိုက်နေပြီဖြစ်၍ စစ်တပ်ထောက်တိုင်များအနေဖြင့် ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းရန် ၊ မြို့နယ် ပြည်သူများအနေဖြင့်လည်းအချိန်တိုင်းတော်လှန်ရေး အသိ၊ သတိဖြင့် သွားလာ လှုပ်ရှားကြရန် WTRFက သတိပေးထားသည်။