ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ ရဲစခန်းအချုပ်ထဲမှာ အချုပ်ကျခံနေရတဲ့သူတွေကို စစ်ကောင်စီရဲ့ အမှတ် ၅၀၂ ခြေမြန်တပ်ရင်း(ခမရ ၅၀၂) သို့ ပြောင်းရွေ့ချုပ်နှောင်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်ကတည်းက အချုပ်သားတွေကို တပ်ရင်းထဲ ပြောင်းရွေ့ချုပ်နှောင်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးထားတာဖြစ်ပြီး အခုလို လုပ်နေတာဟာ နိုင်ငံရေးအခြေအနေကို အကြောင်းပြပြီး ဥပဒေမဲ့ပြုလုပ်နေတာဖြစ်တယ်လို့ အဲ့ဒီအကြောင်းကိုသိတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
အချုပ်သားတွေဟာ တရားရုံးမှာ တရားရင်ဆိုင်ရခြင်းလည်းမရှိသလို တရားရုံးမှ ပေးတဲ့ ချုပ်ရက် ရမာန်ပြည့်တဲ့နေ့မှစပြီး အချုပ်သားတွေကို အုပ်ချုပ်ရတဲ့ တာဝန်ခံ အရာရှိဆိုသူဟာ ကိုယ့်ဟာကိုယ် ချုပ်ရက်ရမာန်တိုးသွားခဲ့တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
“ရမာန်က တရားရုံးမှာ ၁၅ ရက်တစ်ခါ ယူရတာ။ အခုက အဲ့ဒီရမာန်တွေကိုတောင် တရားရုံးမှာမယူတော့ပဲနဲ့ သူတို့သဘောနဲ့ သူတို့ တိုးသွားတာ။ အချုပ်သားတွေကို အခုလို ဓားစာခံအဖြစ် ဖမ်းဆီးထားတာက သူတို့တပ်ရင်းကို လာတိုက်ရင် လူသားဒိုင်းအဖြစ် သုံးဖို့ ဖမ်းထားတာ”လို့ လုံခြုံရေးအရ နာမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီရဲ့ ခမရ ၅၀၂ တပ်ရင်းမှာ ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အချုပ်သားတွေဟာ ဘာအခွင့်အရေးတစ်ခုမှ မရရှိပဲ ပိတ်ပင်ခံထားရတယ်လို့လည်း သိရပါတယ်။
“ရမာန်က တရားဝင်ခြင်း ရှိ၊ မရှိလည်း မသိရဘူး။ စွပ်စွဲခံ အချုပ်သားတွေရဲ့ အခွင့်အရေး တစ်ခုမှမပေးပဲ အကုန်လုံး ပိတ်ပင်ခံရတယ်။ လက်ရှိ အရေးပေါ် အခြေအနေမှာ တပ်ရင်းကို လာရောက်တိုက်ခိုက်ရင် အချုပ်သားတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်လာရင် ဘယ်ဌာန ဘယ်အဖွဲ့အစည်းက တာဝန်ယူဖြေရှင်းပေးမလဲ မသိရဘူး။ ပြီးတော့ လက်ရှိအချုပ်သားတွေရဲ့ အမှုက သေဒဏ်ကျနိုင်တဲ့ အမှု တစ်ခုမှမရှိဘူး” လို့ အဲ့ဒီ သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
အချုပ်သားတွေကို စစ်ကောင်စီရဲ့ ခမရ ၅၀၂ တပ်ရင်း မှာ ဓားစာခံအဖြစ် ဖမ်းဆီးထားပြီးနောက် နေ့လည် ၁၂ နာရီနဲ့ ညနေ ၅ နာရီအချိန်မှာ ထမင်းကျွေးပေမယ့် ဝ အောင်မစားရခြင်း၊ သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း ၊ အပေါ့အပါးသွားရာမှာ လက်ထိပ်ခတ်ထားတဲ့အတွက် အခက်ခဲဖြစ်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု မပြုရခြင်း စတဲ့ အခက်ခဲတွေကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။