ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်း ၃၊ ၄ ခုမှာ ရာသီအကူးအပြောင်းကြောင့် တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကိုလွှမ်းက ပြောပါတယ်။
ရာသီတုပ်ကွေးဖြစ်တဲ့သူတွေဟာ ဒီဇင်ဘာလ နောက်ဆုံးအပတ်အတွင်း ဖြစ်ပွားတဲ့သူများပြားပြီး စစ်ရှောင်စခန်းတခုမှာ အိမ်ခြေ ၃၀ ကျော်နဲ့ လူဦးရေ ၁၅၀ အထိ ရှိကာ ၇၅ ရာခိုင်နှုန်းလောက်ထိ တုပ်ကွေး ဖြစ်ပွားတာတွေရှိနေတယ်လို့ သိရပါတယ်။
“ကျွန်တော်သွားခဲ့တဲ့ စခန်းဆို အနည်းဆုံးတအိမ်ကို တယောက်လောက်ဖျားတာရှိတယ်။ တချို့ဆို တမိသားစုလုံး ဖြစ်တာက သုံးအိမ်စုလောက်ရှိတယ်။ ကလေးကော၊ လူကြီးကော ဖြစ်တာဗျ” လို့ သူက ပြောပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတွေမှာ သောက်သုံးစရာ ဆေးဝါးတွေလည်း ပြတ်လပ်နေကာ စစ်ကောင်စီတပ်က လမ်းကြောင်းပိတ်ထားတာကြောင့် ဆေးဝါးအတွက် အခက်အခဲတွေလည်း ရှိနေပြီး ဆေးဝါးကို ကိုယ်တိုင်ဝယ်သောက်ဖို့အတွက်လည်း ဈေးတွေကြီးမြင့်တာကြောင့် မဝယ်နိုင်တာတွေရှိနေတယ်လို့ သိရပါတယ်။
“အခုကဆေးတွေလည်း မရှိတော့ဘူး။ လာကူညီပေးကြမယ်လို့တော့ ပြောတယ်။ လည်ချောင်းနာတာတို့၊ နှာစေးတာ၊ ချောင်းဆိုးတာတို့ပေါ့။ သောက်စရာဆေးကတော့ ကုန်တာကြာနေပြီ” လို့ စစ်ဘေးရှောင်ပြည်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ရာသီဥတုက အရမ်းအေးလာတာကြောင့် အနွေးထည်တွေ စောင်တွေ လိုအပ်နေပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ အတွက် ပိုအခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက စစ်ရှောင်ရတဲ့ကာလ ကြာမြင့်လာတာနဲ့အမျှ စားနပ်ရိက္ခာတွေ၊ မိုးကာတွေ၊ အနွေးထည်၊ စောင်၊ ဆေးဝါးတွေအတွက် လိုအပ်ချက်တွေများပြားပြီး အခက်အခဲတွေကြုံနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။