လောင်းလုံးမြို့အနီးတဝိုက်ရှိ ကျေးရွာနှစ်ရွာက နေအိမ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက မီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ညနေ ၄ နာရီဝန်းကျင်လောက်မှာ စတင်မီးရှို့နေတာဖြစ်ပြီး စစ်ပြဲနဲ့ လေးသွန်းခံရွာတွေထဲက နေရာ သုံးခုလောက်ကို မီးရှို့ထားတယ်လို့ ဒေသခံက ပြောပါတယ်။
“မီးခိုးတန်းတွေ တောက်လျှောက်တက်နေတယ်။ သုံးနေရာစလုံးက တချိန်တည်းလောက်ပဲ။ ဟိုနားဒီနားမီးခိုးတွေ ထွက်လာတာ” လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒီကနေ့ ညနေ ၆ နာရီအထိလည်း မီးခိုးတွေမတိတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့ခံရတဲ့ အိမ်အရေအတွက်ကိုတော့ မသိရသေးပါဘူး။
လေးသွန်းခံနဲ့ စစ်ပြဲအပါအဝင်အနီးအနားရွာတွေက ဒေသခံအများစုကတော့ နီးစပ်ရာကို ထွက်ပြေး တိမ်းရှောင်နေ ကြပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ ကထောင်းနီ၊ စစ်ပြဲနဲ့ ပြင်းထိန်ရွာတွေအနီးမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်သားတွေဘက်ကလည်း ဒီကနေ့မနက်ပိုင်းကစလို့ညနေပိုင်းအထိ တနေကုန်နီးပါးလက်နက်ကြီးတွေ ပစ်ခတ်နေတာ ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မနေ့ကမနက်ပိုင်းကတည်းက ကုန်းလမ်းရေလမ်း နှစ်ခုပေါင်းပြီး လောင်းလုံးမြို့ အရှေ့ဘက်ခြမ်းက ဝေဒီ၊ ကညုံကျွန်းနဲ့ စစ်ပြဲရွာတွေကို စစ်ကြောင်းထိုး မွှေနှောက်နေတာပါ။ ဒီနေ့မှာတော့ လေးသွန်းခံရွာနဲ့ အောက်ဘက်ကရွာတွေကိုပါ စစ်ကောင်စီတပ်သားတွေ ရောက်လာတာပဲ ဖြစ်ပါတယ်။
လောင်းလုံး (ပကဖ)ကတော့ စစ်ကောင်စီတပ်သားတွေမီးရှို့တာနဲ့ မွှေနှောက်ရှာဖွေတာတွေလုပ်ဆောင်နေလို့ အရေးကြီးပစ္စည်း၊ တန်ဖိုးကြီးပစ္စည်းတွေကို လုံလုံခြုံခြုံထိန်းသိမ်းထားဖို့နဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့ ဒေသခံတွေကို ဒီနေ့ညနေပိုင်းမှာ နှိုးဆော်တိုက်တွန်းထားပါတယ်။