မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်အစပ်တွင် စစ်ကောင်စီထောက်ပို့ယာဥ်တန်းမှ ရဲသုံးဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။
ဒီဇင်ဘာ ၂၄ ရက် ည ၈နာရီမှ ၁၀ နာရီကြား ပခုက္ကူမြို့နယ်၊ ကမ္မအရှေ့ဘက် မြိုင်မြို့နယ် အစပ်တွင် ရဲသုံးဦးအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ သုံးဦးမှာ စစ်ကောင်စီစစ်သားများက သေနတ်ပေးမထားဘဲ ကင်းစောင့်ခိုင်းစဉ် မျက်စိလည်၍ မြိုင်(ပကဖ) နှင့် PDF Kamma ( ကမ္မတပ်ပေါင်းစု)တို့၏ ရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြိုင်(ပကဖ) အဖွဲ့ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောသည်။
“ညဆိုရင် ရဲတွေဆီမှာပါတဲ့ လက်နက်ကို စစ်ကြောင်းမှူးက သိမ်းတာလို့ပြောတယ်။ ကျွန်တော်တို့က သူ့လူကိုယ့်လူထင်ပြီး စစ်ကြရင်းမိတာ။”ဟု ဗိုလ်လက်ယျာက ပြောသည်။
ဖမ်းဆီးရမိသည့် ရဲသုံးဦးမှာ သရက်ရဲစခန်းမှ ရဲဒုတပ်ကြပ် ဝေလွင်ထွန်းနှင့် ရဲတပ်သား ဟိန်းထက်အောင်၊ မင်းလှရဲစခန်းမှ ရဲတပ်သား အောင်လင်းထွန်းတို့ဖြစ်သည်။
စစ်ကောင်စီတပ်က ၎င်းတို့အပါအဝင် ရဲအင်အား ၄ဝ ခန့်အား သင်တန်းတက်ရန်ဟုဆိုကာ မကွေးမှ ပခုက္ကူတပ်မ (၁၀၁)သို့ ခေါ်ယူခဲ့ကြောင်း၊ သို့သော် သင်တန်းမတက်ရဘဲ မြိုင်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် ခလရ(၂၅၁) ၏ စစ်ကောင်စီ ထောက်ပို့ယာဉ်တန်းနှင့်အတူ လိုက်ပါခဲ့ရသည်ဟု သိရကြောင်း မြိုင်(ပကဖ) အဖွဲ့တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရဲသုံးဦးအား စစ်သုံ့ပန်းဥပဒေအနှင့်အညီ ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။