မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဧရာဝတီမြစ်ဘေးရှိ ဥဒိန်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (ဒီဇင်ဘာ ၃၁ရက်) နံနက် ၆ နာရီခန့်က မတ္တရာမြို့နယ်၊ ပန်းယျကျေးရွာမှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်သည် ကား ၇ စီးခန့်ဖြင့် မတ္တရာနယ်အနောက်ခြမ်း၊ ဧရာဝတီမြစ်ဘေးရှိ ဥဒိန်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
“အိမ်ခြေခန့်မှန်း ၂၀ လောက် မီးထဲပါသွားတာရှိတယ်။ အခုဟာက ဥဒိန်ရွာတစ်ရွာတည်းကိုပဲဝင်ပြီး မီးရှို့ပြီး ပြန်ဆုတ်သွားတယ်။” ဟု မတ္တရာ (ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် နံနက် ၇ နာရီခွဲခန့်တွင် တပ်စွဲရာ ပန်းယျကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး ကျေးရွာရှိ ကားတစ်စီးကိုပါ သိမ်းယူသွားကြောင်း သိရသည်။
“အင်အားတစ်ရာလောက်ပါမယ်။ ဥဒိန်ရွာကိုအရင်ကလည်းဝင်ဖူးတယ်။တိုက်ပွဲမရှိဘဲ အကြောင်းမဲ့သက်သက် မီးလာရှို့တယ်လို့ သိရပါတယ်။”ဟု Wetlet Informational Network အဖွဲ့ တာဝန်ရှိသူက ပြောသည်။
သို့သော် ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှုရှိမရှိ မသိရသေးကြောင်း နယ်ခံများက ပြောသည်။
မတ္တရာမြို့နယ်အရှေ့ခြမ်းတွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ နိုဝင်ဘာလလယ် ကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုနှင့် ပြည်သူများဖမ်းဆီးသတ်ဖြတ်ခံရမှုများ ရှိခဲ့သည်။