မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ လမ်း(၈၀)နဲ့ (၂၉)လမ်းထောင့်မှာ မနေ့က ညနေပိုင်း စစ်အုပ်စုရဲ့ အလုပ်သင် ဒု-ရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ)ဂျက်မ ဆိုသူ ပစ်ခတ်ခံရတယ်လို့ စစ်လော်ဘီတွေက သတင်း ဖြန့်ပါတယ်။
ဒီဇင်ဘာ(၂၉)ရက် ညနေ(၅)နာရီခွဲလောက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၃)နယ်မြေရဲစခန်းက စစ်အုပ်စု လက်အောက်ခံ အလုပ်သင် ဒု-ရဲအုပ် မေသဉ္ဇာဝင်းပြည့်(ခ)ဂျက်မ ဆိုသူဟာ ချမ်းအေးသာစံမြို့နယ် အမှတ်(၈) စစ်အုပ်စု ရဲရုံးမှာ အလုပ်သင် ရုံးဆင်းပြီး အရပ်ဝတ်၊ Kenbo-125 အမျိုးအစား အနက်ရောင် ဆိုင်ကယ်နဲ့ အမှတ်(၃)ရဲစခန်းဘက် ပြန်လာချိန် (၂၉)လမ်းနဲ့ လမ်း(၈၀)ထောင့်မှာ PDF က ပစ်ခတ်လို့ ဝဲဘက် လည်ပင်း ကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက် ရရှိကာ ဆေးရုံ ပို့ထားရတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ စစ်အုပ်စု ရဲမေကို လူနာတင်ကားနဲ့ လာတင်သွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“သူက မြို့ပေါ် ယာဉ်စစ်ရာတွေမှာ အမြဲပါတယ်တဲ့”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာကြောင့်ပစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ယာဉ်ထိန်းရဲမေ ပစ်ခတ်ခံရတာလို့ သတင်းထွက်ပေမယ့် ယာဉ်ထိန်း မဟုတ်ဘဲ သာမန် ရဲ ဖြစ်တယ်လို့ ဆိုပါတယ်။
“သူက အရင်က ယာဉ်ထိန်း၊ ဒု-တပ်ကြပ် ကနေ ဒု-ရဲအုပ်ခေါ်တော့ ပါသွားပြီး အမှတ်(၈)မှာ ကျနေတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်ခံရတဲ့ ရဲမေဟာ လူမှုကွန်ယက် TikTok မှာ Jet Ma နာမည်နဲ့ သုံးစွဲသူ ဖြစ်တယ်လို့လည်း စစ်လော်ဘီတွေနဲ့ မြို့ခံတချို့က ဆိုပါတယ်။
မန္တလေးမှာ စစ်အုပ်စုက အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး လမ်းပေါ်တက်ကာ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ ငွေမရသူတွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။