ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ – KNDFရဲ့ ဗဟိုလူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Karenni Nationalities Defense Force-KNDF ဖေ့စ်ဘုတ်ခ် စာမျက်နှာကို ဟက်ကာတွေက တိုက်ခိုက် ထိန်းချုပ်ထားတဲ့အတွက် အဲ့ဒီစာမျက်နှာကို ဆက်သွယ်ဆောင်ရွက်တာတွေ မလုပ်ကြဖို့ KNDF က အသိပေးထုတ်ပြန်ထားပါတယ်။
KNDF ရဲ့ ဗဟို ဖေ့စ်ဘုတ်စာမျက်နှာကို ဟက်ကာတွေက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ တိုက်ခိုက်ထိန်းချုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဖေ့စ်ဘုတ်စာမျက်နှာ ပြန်လည်ရရှိရေး ကြိုးစားနေဆဲဖြစ်တဲ့အတွက် ဗဟို စာမျက်နှာကနေ သတင်းထုတ်ပြန်တာတွေကို ပြုလုပ်နိုင်မှာ မဟုတ်သေးဘူးလို့လည်း KNDF ရဲ့ တပ်ရင်း တပ်ဖွဲ့များ ဌာနအသီးသီးများက အသိပေးထားပါတယ်။
ဒါကြောင့် အဟက်ခံထားရတဲ့ KNDF ရဲ့ ဗဟိုစာမျက်နှာကို ဆက်သွယ်ပြီး အချက်အလက် ရယူတာ လှူဒါန်းတာတွေကို မပြုလုပ်ကြသေးဖို့ကိုလည်း KNDFက မေတ္တာရပ်ခံထားပါတယ်။
ဒါ့အပြင် KNDF စာမျက်နှာကို ဟက်ကာတွေက တိုက်ခိုက်ထိန်းချုပ်ပြီးတဲ့နောက် စာမျက်နှာရဲ့ စတိုရီကဏ္ဍမှာ KNDF နဲ့ မဆိုင်တဲ့ ပုံရိပ်တွေ ၊ အဖော်ချွတ်ပုံတွေ တင်တာကိုလည်း တွေ့မြင်ရတာဖြစ်ပါတယ်။
ဒါကြောင့် KNDF ဗဟိုစာမျက်နှာဖြစ်တဲ့ Karenni Nationalities Defense Force-KNDF မှ လတ်တလော ထုတ်ပြန်ရေးသားတဲ့ Post တွေ Video တွေအားလုံးဟာ KNDF မှ ထုတ်ပြန်ခြင်းမဟုတ်ဘဲ မသမာသူ ဟက်ကာများမှ ထုတ်ပြန်ခြင်းသာဖြစ်လို့ အများပြည်သူအနေနဲ့ မယုံကြည်ကြဖို့ကိုလည်း KNDF က အသိပေးထားပါတယ်။
KNDF ဗဟိုစာမျက်နှာဖြစ်တဲ့ Karenni Nationalities Defense Force-KNDF ကို ပြန်လည်ရရှိအောင် ကြိုးစားဆောင်ရွက်နေပြီး ပြန်လည်ရရှိရင်လည်း အသိပေးသွားမှာဖြစ်တယ်လို့ KNDF ကဆိုပါတယ်။