ရေးတောင်ပိုင်း တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဟာ နှစ်သစ်ကူးစစ်ဆင်ရေးအနေနဲ့ ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း နှစ်ခုကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF ကနေ သိရပါတယ်။
ရေးမြို့အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်းတွေ ဖြစ်တဲ့ ခမရ (၅၉၁)နဲ့ ခမရ (၅၈၃) တို့ကို ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က ဒီကနေ့ မနက် ၆ နာရီလောက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီထိုးစစ်ဆင်မှုကြောင့် စစ်ကောင်စီတပ် နှစ်တပ်ဘက်ကနေ အနီးအနားမှာရှိတဲ့ ကျောင်းရွာကျေးရွာ၊ အိုင်ရှည်ကျေးရွာနဲ့ ကမ်းနီကျေးရွာဘက်တွေကို လက်နက်ကြီးနဲ့ အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ MSRF ကနေ သိရပါတယ်။
“ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို နည်းနည်းလေး မသင်္ကာဖြစ်ပြီးတော့ မနေ့ညနေကစပြီး ပစ်ခဲ့တာ ရှိတယ်။ ပစ်လိုက်တဲ့အတွက်ကြောင့် ကျောင်းရွာမှာ အိမ်ခြေ လေးငါးလုံး အနည်းအကျဉ်း ထိသွားတာတွေရှိတယ်။ ပြည်သူတွေက မနေ့ညနေကတည်းက ရွာကနေ ရှောင်ထွက်တာ ရှိတယ် ခင်ဗျ။ အနီးဆုံးရွာဖြစ်တဲ့ ကျောင်းရွာမှာတော့ အသက်ကြီးတဲ့ ပြည်သူတွေလောက်ပဲ ကျန်ခဲ့တယ်” လို့ မွန်ပြည်တော်လှန်ရေးတပ် ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ အကျအဆုံးမရှိ ပြန်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးမှု ရှိတယ်လို့ ကြားသိရပေမယ့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တိုက်ပွဲဖြစ်ပွားမှု ကြာချိန်ဟာ ၁ နာရီဝန်းကျင်ရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စခန်းသိမ်း တိုက်ပွဲအတွက် ပြင်ဆင်ထားခဲ့ပေမယ့် အခြေအနေမပေးတာကြောင့် တပ်ဆုတ်လာခဲ့တာလို့ MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။
အခု ၂၀၂၃ ခုနှစ်မှာ မဟာမိတ်တပ်ပေါင်းစုက ဟန်ချက်ညီညီနဲ့ တိုက်ပွဲတွေ အကြိမ်ပေါင်းများစွာ ဆင်နွှဲခဲ့ပြီး အောင်မြင်မှုတွေလည်း ရခဲ့သလို လာမယ့် ၂၀၂၄ ခုနှစ်မှာ တိုက်ပွဲတွေ အရှိန်အဟုန် ပိုပြီး မြှင့်လာဖို့ ရှိကြောင်းနဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးနေ့တွေက မကြာတော့ဘူးလို့လည်း MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။
အဲ့ဒီ စစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF၊ ABSDF တပ်ရင်း (၁) ၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း MSRO ၊ Ye Air Force YAF စတဲ့ တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့တို့က ပူးပေါင်းထိုးစစ်ဆင်ခဲ့ကြတာပါ။