ရက္ခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကုလားတန်မြစ်ဘေးရှိ စစ်ကောင်စီ၏ တင်းမဗျူဟာစခန်းကို ရက္ခိုင့်တပ်တော်(AA)ကထိုးစစ်ဆင်လျက်ရှိရာ စခန်းသိမ်းနိုင်ရန် အလားအလာကောင်းကြောင်းဒေသခံက ပြောသည်။
အဆိုပါ တင်းမဗျူဟာကို လွန်ခဲ့သည့် တစ်ပတ်လောက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောသည်။
“တင်းမနဲ့ကပ်လျက် တောင်ခြေတောင်လို့ခေါ်တာပေါ့။ တင်းမဗျူဟာလို့ပဲ သုံးတာတွေ့ပါတယ်။ အခုက တိုက်တာက ဒီဘက်တွေမှာ စခန်းသိမ်းပါပဲ။ တဆက်တစပ်တည်း တောက်လျှောက်ကို တိုက်လာတဲ့သဘောပါ။ အခြေအနေကတော့ အဲဒီနဲ့ နီးစပ်တဲ့သူတွေက တဆင့်ကြားရတာကတော့ သူ့ပတ်လည်မှာရှိနေတဲ့ ကာကင်းတွေကတော့ ကျသွားပြီ။ သိပ်မကြာတော့ဘူးဆိုတဲ့ သတင်းတော့ရပါတယ်။ အခုပြောနေတဲ့ အချိန်မှာတောင် ကျရင်လည်း ကျနေလောက်ပြီ”
AAက စခန်းသိမ်းနိုင်ပြီဟု မထုတ်ပြန်မချင်း စခန်းသိမ်းနိုင်ပြီဟု ပြောရင်ခက်ကြောင်းလည်း ဒေသခံက ပြောသည်။
“တင်းမက ကုလားတန်မြစ်ကြောင်းမှာရှိတယ်။ အထူးသဖြင့် ပလက်၀ သွားလမ်းပေါ့။ ဒါကတော့ တင်းမဗျူဟာက အတိုင်းအတာတစ်ခုအထိ ရေကြောင်းရော ကုန်းကြောင်းရော အထူးသဖြင့် ပြောရမယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကို အများကြီး သူရှိနေတာကိုကကိုယ် အတားအဆီးတစ်ခုဖြစ်နေတာ။ ဒီဟာရှင်းသွားရင် ကုလားတန်စီမံကိန်းလို့ပြောတဲ့ အိန္ဒိယလမ်းကြောင်းလည်း ပွင့်သွားမယ်။နယ်စပ်ကုန်သွယ်ရေးလည်းပဲ အတော်အတန် ပွင့်သွားမယ့်သဘောရှိတယ်” ဟု ၎င်းက ပြောသည်။
တင်းမဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူ တောက်လျှောက် ပြုလုပ်လျက်ရှိသည် ဟုလည်း ပြောပြသည်။
ရက္ခိုင်ဒေသတိုက်ပွဲများသာမှာမက စစ်ကောင်စီကရက္ခိုင်ဒေသရှိ မြို့များ၊ ရွာများကို လေကြောင်း တိုက်ခိုက် ခြင်းမှာ မဆန်းတော့ဟု ဒေသခံက ဆိုသည်။ တင်းမ တိုက်ပွဲကြောင့် ဒေသခံများစစ်ရှောင်နေကြရခြင်းများရှိသည်ဟု အသိပေးသည်။
“တိုက်ပွဲကတော့ ကျနော်တို့ ထင်သလောက် ရက္ခိုင်ပြည်နယ် အစအဆုံးဖြစ်နေတာ။ မြို့တိုင်းလိုလိုမှာ ဖြစ်နေတာ။ ဒီပွဲကတော့ အရှိန်ကတော့ လျော့သွားမယ့်ပုံစံတော့မရှိဘူး”ဟု ဒေသခံက ပြောသည်။
ယခင်ကတည်းက အာရက္ခပြည်သူ့အစိုးရက ရက္ခိုင်ဒေသနေရာအများစုကို စိုးမျိုးထားနိုင်ရာ ယခုပွဲတွင် ရာနှုန်းပြည့် အောင်ပွဲရမည်ဟု ယူဆကြောင်း၊ ဒေသခံများကလည်း မျှော်လင့် အားကိုးနေကြောင်း ပြောပြသည်။