ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၂ရက်) ညနေ ၄နာရီခန့်တွင် တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများကပြောသည်။
“၄နာရီလောက်ကနေ စပစ်နေတာပါ။ တိုက်လေယာဥ်နှစ်စီးက ပတ်ပြီးပစ်နေတာပါ” ဟု ဒေသခံတဦးကပြောသည်။
ရက္ခိုင့်တပ်တော် AA နှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကလည်း စစ်ကောင်စီသည် ရမ်းဗြဲမြို့အား ဗုံးကြဲ တိုက်ခိုက်နေကြောင်း ယနေ့ညနေ ၅နာရီခန့်က ပြောသည်။
စစ်ကောင်စီသည် ရမ်းဗြဲမြို့တွင်း လက်နက်အင်အား၊ လူအင်အားများကို အခိုင်အမာတပ်စွဲအခြေချထားပြီး မြို့တွင်းရှိ ဒေသခံများအား လူသားဒိုင်းကာအဖြစ် အကာ
အကွယ်ယူ၍ နေ့စဉ်ရက်ဆက် လက်နက်ကြီး၊ ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီ ၁ ရက်ညသန်းခေါင်တွင်ထုတ်ပြန်ထားသည်။ယမန်နေ့ကလည်း ရမ်းဗြဲမြို့ကို စစ်ကောင်စီ၏ စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရမ်းဗြဲ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်းဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာလ ဒုတိယပါတ်မှစ၍ တစ်ကျော့ပြန်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး မြို့နယ်အများစုတွင် တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။ AA က စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားပြီး စစ်ရေးအရ အရေးပါသော စခန်းကြီးများ ၊ဗျူဟာကုန်းများကို ဆက်တိုက် သိမ်းယူနေသည်။