စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင် မြို့နယ်ရှိ အင်ကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ MI2 ရဟတ်ယာဥ်ဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယနေ့ (ဇန်နဝါရီ၂ ရက်)နံနက် ၁၀ နာရီခန့်က ဟုမ္မလင်းမြို့ဘက်မှတက်လာသော ရဟတ်ယာဥ် တစ်စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖောင်းပြင်မြို့နယ် အင်ကုန်းရွာ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းရှိ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ၇ဦးထိခိုက်ရရှိခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရကြောင်း ဖောင်းပြင်ဒေသခံတစ်ဦးက ပြောသည်။
“ဟုမ္မလင်းကနေ Mi2နဲ့ ဖောင်းပြင်နယ် တဝိုက်အကုန်လိုက်ပြီး ရမ်းကြဲနေတာ။ တိုက်ပွဲလည်းမရှိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ည ၁၀ နာရီခန့်က ဖောင်းပြင်မြို့နယ်ရှိဆည်ချောင်းကျေးရွာကို စခ(၂၇၂)မှ အင်အား ၁၅၀ကျော် ရောက်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာတတိယပတ်အတွင်းကလည်း ဟုမ္မလင်းမြို့မှ တက်သည့် စစ်တပ်၏ Mi-2 ရဟတ်ယာဥ်သည် ဟုမ္မလင်း၊ ဖောင်းပြင်နှင့် တမူးမြို့နယ်များရှိ ကျေးရွာများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
တိုက်ခိုက်မှုများကြောင့် ဖောင်းပြင်မြို့နယ်၊ အနောက်ခမိုင်းရွာတွင် (၃)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ဟုမ္မလင်းမြို့နယ်၊ သုတိသာကျေးရွာက စစ်ရှောင်ပြည်သူ ငါးဦးခန့် သေဆုံးခဲ့သေးသည်။