ရှမ်းပြည်နယ်တောင်ကြီးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်နေတာကြောင့် သူရဲ့လုံခြုံရေးအရ သူနာပြုသင်တန်းကျောင်း အပ်မယ့်ရက်ကို ရွှေ့ဆိုင်းထားရတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။
စဝ်စံထွန်းရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးဘေး စဝ်စံထွန်းဆေးရုံဝင်း အတွင်းက သူနာပြုသင်တန်းကျောင်းဟာ ဒီနေ့ ဇန်နာဝါရီလ ၂ ရက်နေ့မှာ ကျောင်းအပ်ရက် ဖြစ်ပေမယ့် စစ်ခေါင်းဆောင် ပြန်ပြီးမှသာ ရက်ကို ပြန် ကြေညာသွားမယ်လို့ ဆိုပါတယ်။
ကျောင်းသား မိဘတစ်ဦးက “အဝေးကလာရတာ။ အထုပ်ပိုးတွေနဲ့ အရမ်း ခက်ခဲတယ်လေ။ ဒီရောက်မှ ရက်ရွှေ့တယ်ဆိုတော့ ထပ်လာဖို့က အဆင်မပြေတော့ဘူး။ စရိတ်လည်း ကြီးတယ်လေ။ အိပ်ဖို့ အမျိုးအိမ်လည်း မရှိဘူး။ အကုန်လုံး ဒုက္ခရောက်ကုန်ပြီ” လို့ ပြောပါတယ်။
ကျောင်းလာအပ်သူတွေဟာ ရပ်စောက်၊ ရွာငံ၊ ပင်းတယ၊ မောက်မယ်၊ လွိုင်လင် စတဲ့ မြို့နယ်တွေက ကျေးရွာ နေထိုင်သူတွေဖြစ်ပြီး နေ့ချင်းပြန် သွားရောက်ဖို့ အခက်အခဲ ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ခေါ်ယူထားတဲ့ သူနာပြုသင်တန်းကျောင်းဟာ လစ်လပ်နေတဲ့ CDM နေရာတွေမှာ အစားထိုးနိုင်ဖို့ ဖြစ်ပြီး အရင် စစ်အာဏာမသိမ်းခင်က ကျောင်းသား အရေအတွက်ထက် လျော့နည်းတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာ မနေ့ (ဒီဇင်ဘာ၁)ကလည်း ရွှေဘုန်းပွင့် ဘုရားမှာ ယတြာချေပြီးနောက် တောင်ကြီးတက္ကသိုလ်ကို လာရောက်ခဲ့ပြီး တစ်နေ့တာလုံး စာသင်ကြားရေး ရပ်ဆိုင်းထားရတယ်လို့ စုံစမ်း သိရပါတယ်။