ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းအား ယမန်နေ့ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Guardians UG အဖွဲ့က အသိပေးထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီ ၂) ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် Guardians UG နှင့် YGN UG တို့က မြောက်ဥက္ကလာပမြို့နယ် မြရတနာလမ်းပေါ်ရှိ မြို့မရဲစခန်းအား အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးခဲ့သည်။
“ညက ၁၀ နာရီမထိုးခင်လောက်က ကျွန်တော်တို့ မြောက်ဥက္ကလာဘက်မှာ ဗုံးပေါက်သံ နှစ် ချက် ကြားလိုက်ရတယ်။ ရဲစခန်းဘက်မှာ ပေါက်တာလို့ သိရတယ်။ လူထိခိုက်မှု ရှိ၊ မရှိတော့ သေချာမသိပါဘူး။ ရဲကား၊ စစ်ကားတွေတော့ ဗုံးပေါက်တဲ့စခန်းဘက်ကို သွားနေတာ လှမ်းတွေ့လိုက်ပါတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ရက် (နှစ်သစ်ကူးည)ကလည်း လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲတပ်ရင်း(၉) အပါအဝင် နေရာခြောက်ခုကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောနေရာများအား ရှောင်ရှားသွားလာကြရန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက မေတ္တာရပ်ခံထားသည်။