ထားဝယ်အကျဥ်းထောင်က အမျိုးသားအဆောင်တွေမှာ အကျဥ်းသားတွေ အစုလိုက် အပြုံလိုက်ဖျားနာ နေကြတယ်လို့ အကျဉ်းသားမိသားစုဝင်တွေနဲ့ အကျဉ်းထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။
ပြီးခဲ့တဲ့လ နောက်ဆုံးပတ်ကစလို့ အခုလို ဖျားနာတဲ့အကျဥ်းသားတွေများပြားလာတာဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားအဆောင်ကအခန်းတိုင်းမှာ ဖျားနာသူတွေရှိနေတာလို့ ထောင်နဲ့နီးစပ်သူက ပြောပြပါတယ်။
“တုပ်ကွေးလား ဘာလဲတော့မသိဘူး။ တခန်းမှာ လူဆယ်ကျော်လောက် ဖျားနေတာ။ သုံးလေးယောက်လောက်က အော့အန်တဲ့အထိဖြစ်နေတယ်” လို့ အကျဥ်းထောင်နဲ့နီးစပ်သူက ဆိုပါတယ်။
လူ ၅၀ ဝန်းကျင်ရှိတဲ့အခန်းတစ်ခန်းမှာ ဆယ့်ငါးယောက်လောက်အထိ ဖျားနာနေကြတာလို့လည်း သူကဆက်ပြောပါတယ်။
အကျဥ်းသားမိသားစုဝင်တွေပြောတာကတော့ ဆေးဝါးကုသမှုအနေနဲ့ အကျဥ်းထောင်ဘက်ကတော့ လုံလောက်တဲ့၊ ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
အဲဒါကြောင့် နေမကောင်းတဲ့ အကျဥ်းသားတွေအနေနဲ့ အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေဆီကို ဆေးဝါးတွေ မှာယူနေကြတယ်လို့ မိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
“အပြင်က စပ်ဆေးတွေဝယ်ထည့်ပေးနေရတယ်။ တခြားသူတွေပါ သောက်လို့ရအောင်ပေါ့။ ခပ်များများ ဝယ်ထည့်ပေးရတာပေါ့” လို့ အကျဥ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ ဆေးပေးခန်းငယ်တစ်ခုသာရှိပြီး အာဏာပိုင်တွေအနေနဲ့ အရေးပေါ်ကုသဖို့လိုတဲ့သူတွေကိုသာ ပြင်ပကထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပြီး ကုသပေလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း လောင်းလုံးဒေသခံ နိုင်ငံရေးအကျဥ်းသားတစ်ဦးအမောဖောက်လာလို့ ထားဝယ်ထောင်တွင်းဆေးခန်းကတဆင့် ဆေးရုံကိုပို့ဆောင်ချိန် လမ်းမှာသေဆုံးခဲ့ဖူးပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားအကျဥ်းသူစုစုပေါင်း တစ်ထောင်ကျော်ရှိပြီး တဝက်နီးပါးဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။