ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ရွှေကူဒေသကာကွယ်ရေးအဖွဲ့တို့ ယနေ့နံနက် ၇ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေကူ – မန္တလေး မိန်းလမ်းမကြီး (ဒေသအခေါ် ရွှေကူအောက် လေးလမ်းဆုံ)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့က ရွှေကူမြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာချိန် အသင့်စောင့်နေသည့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်ကောင်စီဘက်က ရွှေကူ-မန်းလေး မိန်းလမ်းမကြီးကို ကျော်လာလို့ စောင့်နေတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့မှုဖြစ်သွားတာ။ ထိခိုက်မှုတော့ မရှိဘူးကြားတယ်။”ဟု ရွှေကူ KPDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မိနစ် ၃၀ ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားကာ စစ်ကောင်စီတပ်က ၎င်းတို့ အထိုင်ချထားသည့် လေးလမ်းဆုံနေရာကို ပိတ်ပင်ထားကြောင်း သိရသည်။
စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုမူ မသိရှိရသေးပါ။
စစ်ကောင်စီစစ်ကြောင်းထိုးရန် ပြင်ဆင်ေနသည့် ရွှေကူအရှေ့ဘက်ခြမ်းကျေးရွာများသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လနှင့် ဧပြီလက စစ်ကောင်စီနှင့် KIA၊ KPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာများဖြစ်ပြီး စစ်ကောင်စီ၏ မီးရှို့ ဖျက်ဆီးမှုကြောင့် ယင်းဒေသရှိကျေးရွာ ၁၂ ရွာမှ နေအိမ် ၉၀၀ ကျော် မီးလောင်ပျက်စီးခဲ့သည်။