စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ မော်လိုက်ခရိုင် တပ်ရင်းက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရသွားကြောင်းအမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
ဖောင်းပြင်မြို့မှ စစ်ကူထွက်လာသော စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ(၂၇၂) စစ်ကြောင်းကို ဇန်နဝါရီလ (၂) ရက်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲတွင် MA-3 နှစ်လက်၊ ကျည်မျိုးစုံ ၂၃၀၀ ကျော်၊ ဗုံးသီး ၂၀ကျော်၊ မိုင်းနှစ်လုံးနှင့် ကျည်အိမ် (၁၀) ခုကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဇန်နဝါရီလ ၃ ရက်တွင် ပုံနှင့် တစ်ကွထုတ်ပြန်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ရက်ကလည်း အမှတ်(၁)စစ်ဒေသတွင်ပါဝင်သည့် တမူးမြို့နယ်၊ အောင်ဇေယျ ဟုမ္မလင်းလမ်း၌ ဒု-တပ်ရင်းမှူးတစ်ဦးဦးစီးသော ခမရ-၃၀၉၊ SNA နှင့် ပျူစောထီး ပူးပေါင်းအင်အား (၃၅) ဦးအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ငါး ဦး သေဆုံးပြီး ခုနစ် ဦး ထိခိုက် ဒဏ်ရာရကာ လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့ကြောင်းအမှတ်(၁) စစ်ဒေသကထုတ်ပြန်ထားသည်။
လက်ရှိတွင် ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့၊ ဖောင်းပြင်မြို့နှင့် တမူးမြို့နယ်ပတ်ဝန်းကျင်၌ စစ်ကောင်စီ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်ဟု ဒေသခံ အချို့ကပြောသည်။ ရွှေပြည်အေးမြို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။