ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့တွင် စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက် (facebook) တွင် ရေးသားသည်ဟု စွပ်စွဲကာ အသက် ၇၀ အရွယ်အမျိုးသားတစ်ဥဦးအဖမ်းခံခဲ့ရကြောင်း ဒေသခံများ ထံမှသိရှိရသည်။
“စစ်တပ်နဲ့ရဲ အင်အား ၅၀ ကျော်နဲ့ လာဖမ်းတာ။ အဲ့အဘက ကျန်းမာရေးမကောင်းဘူး၊ အရင်ကတော့ NLDပါတီ၀င် တစ်ဦးပါ ရပ်ကွက်ကလူတွေတောင် လန့်ကုန်တယ်” ဟု ဟင်္သာတ မြို့ခံတစ်ဦးမှ ပြောသည်။
ဖမ်းဆီးခံရသူမှာ ဟင်္သာတမြို့၊အမတဒါရီကျောင်းလမ်း၊ လယ်တီကွင်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၇၀ အရွယ်ရှိ ဦးမောင်မောင် ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။
“အဲ့အဘက ဖုန်းလေးနဲ့ သတင်းလေးတွေဖတ်တာပေါ့ သူကအသက်ကြီးတော့ အကောင့်ထဲကို အေးဆေးဖတ်ဖို့ shareထားတာ။ အဲ့သတင်းတွေက ခုစစ်တပ်က တရားမ၀င်လို့သတ်မှတ်ထားတဲ့သတင်းဌာနက ဟာတွေဖြစ်နေတယ်။ ထင်တာတော့ ဒလန်တစ်ယောက်ယောက်သတင်းပေးလိုက်တယ်ထင်တယ် “ဟုမိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဦးမောင်မောင်ကို နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေရန်နှင့် အများ ပြည်သူ အထိတ်တလန့် ဖြစ်စေရန်အတွက် မမှန်သတင်းများအား လူမှုကွန်ရက် မှတစ်ဆင့်ဖြန့်ဝေသည်ဟု စွပ်စွဲပြီး ဇန်နဝါရီလ ၂ရက်နေ့တွင် ဟင်္သာတမြို့မရဲစခန်းမှ(ပ)၂/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။