ကရင်နီပူးပေါင်းတပ်တွေရဲ့ တန်ပြန်ထိုးစစ် အရှိန်မြင့်လာတဲ့ ကရင်နီ(ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီတပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ အရပ်သား ၁၆၁ ဦးထက်မနည်း ရှိတယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာအပြင် မြေမြှုပ်မိုင်း နင်းမိတာနဲ့ သေနတ်နဲ့ ပစ်သတ်ခံရတာတွေကြောင့် အခုလို သေဆုံးခဲ့တာလို့ဒေသခံတွေက ဆိုပါတယ်။
“လက်နက်ကြီးကြောင့် သေတာက ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိလိမ့်မယ်။ လက်နက်ကြီးက အကြောက်ရဆုံးပဲ၊ လေယာဉ်က အသံကြားရင် ရှောင်လို့ရတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ ကရင်နီဒေသခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။
အာဏာသိမ်းကာလ သုံးနှစ်နီးပါးအတွင်း စစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ အရပ်သားကတော့ စုစုပေါင်း ၄၆၀ နီးပါး ရှိနေပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ သေဆုံးသူအရေအတွက် အများဆုံးဖြစ်ပါတယ်။
“လွိုင်ကော်တိုက်ပွဲမှာ သေကြတာက တော်တော်များတယ်။ ပိတ်မိတာလည်းရှိကြတော့ ပိုဆိုးတာ” လို့လည်း အထက်ပါ အမျိုးသားက ပြောပါတယ်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) အပါအဝင် ကရင်နီပူးပေါင်းတပ်တွေက ပြည်နယ်မြို့တော် လွိုင်ကော်ကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး မြို့ခံအားလုံးနီးပါး တိမ်းရှောင်နေကြရပါတယ်။
ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI ရဲ့ စာရင်းတွေအရတော့ နိုဝင်ဘာ ၁၁ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ တလလောက်အတွင်းမှာပဲ လွိုင်ကော်တိုက်ပွဲအတွင်း ကလေးငယ် ၁၂ ဦးအပါအဝင် အရပ်သား ၈၂ ဦး သေဆုံးခဲ့ပြီး တဝက်ကျော်ဟာ လက်နက်ကြီးကြောင့် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းနောက် သုံးလကျော်လောက်မှာပဲ တိုက်ပွဲတွေ စတင်ခဲ့တဲ့ ကရင်နီပြည်နယ်အတွင်း ဒေသခံ နှစ်သိန်းခွဲကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး မြို့ပေါ်နေရာတွေ အားလုံးနီးပါးမှာတော့ နေထိုင်သူ မရှိသလောက်ဖြစ်နေပါပြီ။
“နောက်နှစ်တွေတော့ သေဆုံးတာ နည်းလာမယ်ထင်တယ်။တိုက်ပွဲတွေဖြစ်နေတဲ့ မြို့တွေ၊ ရွာတွေမှာက လူမရှိတော့ဘူး” လို့လည်း အထက်ပါ ကရင်နီဒေသခံက ပြောပါတယ်။