ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ တိုက်ပွဲများဖြစ်ပွားနေပြီး စင့်ကင်ရွာကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၄ ရက် ညနေပိုင်းက လေယာဉ်နဲ့ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
ဒီနှစ်အစ ဇန်နဝါရီ ၁ ရက်နေ့က စပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီအနေနဲ့ ဒုတိယအကြိမ် အနေနဲ့ ဇန်နဝါရီ ၄ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“စင့်ကင်ဘက် လေယာဉ်ပျံလာကြဲသွားပါပီ ခုဘဲ” လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့ မနက် ၆ နာရီက မိုးမိတ်မြို့နယ် မန်ပတ်ကျေးရွာကို KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တို့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၉နာရီခွဲခန့်မှာ စစ်တပ်က ဂျက်လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲခဲ့တာလို့ ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၃ ရက်နေ့က စပြီး စင့်ကင်ရွာမှာတော့ TNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။ စင့်ကင်၊ မန်ပတ်၊ အနီးတဝိုက်ရွာတွေအပြင် မိုးမိတ်မြို့ထဲက တော်တော်များများလည်း စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။
“မြို့ထဲ ကျောင်းတွေ အဆောက်အဦထိပ်တွေမှာ စခ(စစ်ကောင်စီ)တွေက နေရာယူထားပြီး လှမ်းပစ်ပေးနေတာဗျ” လို့ မိုးမိတ်အခြေစိုက် တပ်ရင်း ၅၁၅ က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စင့်ကင်ရွာမှာ စစ်ကောင်စီရဲ့ အထိုင်ချစခန်းကုန်းရှိတာကြောင့် အဲ့စခန်းကို TNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းယူဖို့ကြိုးစားနေသလို စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ရာကနေ ဒီညနေမှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“စင့်ကင် မှာ တိုက်ပွဲမှာတော့ တစ်နာရီခြား တခါလောက်ကို မြို့ထဲက ပစ်ကူနေတာ။ မနေ့က တိုက်ပွဲစဖြစ်ကတည်းကနေ တညလုံးရောအခုထိရော တောက်လျှောက် လက်နက်ကြီးတွေတော့ ပစ်နေတယ်။ ဒီနေ့စင့်ကင်တိုက်ပွဲကတော့ နေ့လည် ၁၂ နာရီကျော်လောက်ကစပါတယ်” လို့ သူကဆက်ပြောပါတယ်။
မနေ့ညက မိုးမိတ်မြို့တပ်ထဲကနေ ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ဘဒါထိပ် အုတ်ဖိုတဲအနီးက အမျိုးသမီး ၂ ယောက်ကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိတဲ့ လူနာနှစ်ဦးကို ဒီနေ့မနက်က ဆေးရုံပို့ထားတယ်လို့ ဆိုပါတယ်။
မိုးမိတ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ တိုက်ပွဲမဖြစ်ခင် စစ်ရှောင်ဖို့ကြိုတင် ဆော်သြခဲ့သလို ၎င်းတို့ဆီ စစ်ရှောင်လာတဲ့ ဒေသခံတွေကိုလည်း ကူညီပေးနေတယ်လို့ သိရပါတယ်။