စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကိုင်းပြင်ကျေးရွာရှိ ကျေးလက်ဆေးပေးခန်းအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့၍ လူနာနားနေဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၃ ရက် နံနက် ၁၀ နာရီခန့်က ကိုင်းပြင်ရွာရှိ ကျေးလက်ဆေးပေးခန်းအား စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး သုံးလုံးချ တိုက်ခိုက်ခဲ့ရာ လူနာနားနေဆောင်မီးလောင်ပျက်စီးခဲ့ရပြီး လူထိခိုက်မှုမရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
“မြစ်တဖက်ကမ်းငါန်းဇွန်မြို့မှာ အထိုင်ချထားတဲ့စစ်တပ်က ထန်းခြောက်ပင်ကနေ ဧရာဝတီမြစ်မြောက်ဘက် စစ်ကိုင်းနယ်ထဲကို ဒရုန်းနဲ့ချတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက် ညပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးဖြင့် ၅ကြိမ်ချတိုက်ခိုက်ခဲ့၍ သက်ကြီးဘိုးဘွားဇနီးမောင်နှံ နှစ်ဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်။