ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက မြို့ပေါ်နေရာတချို့မှာ နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတွေ မိုင်းနင်းမိခြင်းကနေ ကာကွယ်နိုင်အောင် ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
“ မိုင်းရှင်းရတဲ့ ရည်ရွယ်ချက်ခါကျတော့ အဓိက ဒီ နွေရာသီရောက်ပြီဆိုတော့ မြက်တွေလည်း အရမ်းထူတယ်ပေါ့နော်။ ပြီးလို့ရှိရင် မီးလောင်သွားတဲ့အိမ်တွေလည်း ရှိတယ် ဒါပေမဲ့ မလောင်တဲ့အိမ်တွေ သူတို့ အိမ်သန့်ရှင်းရေးပြန်လုပ်လို့ အဆင်ပြေအောင်ပေါ့နော်။ လမ်းတွေပြန်ရှင်းပေးတယ် လူသွားစာပေါ့နော်။ လူသွားစာ တစ်တောင်၊ နှစ်တောင်လောက်ကို ရှင်းသွားတယ် အရင်ဆုံး အဲ့ဒီလမ်းကို။”လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက်၊ လမ်းမကြီးတွေမှာ တပ်စွဲနေရာယူထားခဲ့တဲ့ စစ်ကောင်စီကနေ မြေမြုပ်မိုင်း အများပြား ထောင်ထားခဲ့တာပါ။ လက်ရှိမှာ စစ်ကောင်စီက တပ်ဆုတ်သွားတာကြောင့် ဒေသခံတွေအနေနဲ့ မိမိတို့ နေအိမ်ကို ပြန်လာကြည့်သူလဲရှိတာကြောင့် သတိထားသွားလာကြဖို့ တိုက်တွန်းထားပါတယ်။
“ မနေ့က တစ်ရက်ထဲမှာဘဲ သူတို့ရှင်းတာတော့ ဒီ ၁၄မိုင်းပေါ့နော်။ ၁၄မိုင်း နှစ်လုံးတွေ့တယ်။ အဲ့ဒီ နှစ်လုံးကလည်း သူတို့ (စစ်ကောင်စီ) ထောင်ထားတာ တစ်နေရာထဲမှာ အဲ့လိုမျိုး ဖြစ်နေတယ်ပေါ့နော်။ လမ်းဆုံ လမ်းခွတွေ ဖြစ်တယ်။ အဲ့လိုမျိုး နေရာတွေ သတိထားပေါ့နော်။ ဆိုတော့ ၁၄မိုင် နှစ်လုံးတွေ့တယ် ပြီးတော့မှ မကွဲသေးတဲ့ အာပီဂျီ(RPG) တစ်လုံးလည်း တွေ့တယ်ပေါ့နော်။”လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
နေအိမ်ပြန်ကြည့်တဲ့ ဒေသခံတွေအနေနဲ့ ခြုံထူထပ်တဲ့ လမ်းကြိုလမ်းကြားတွေဖက်ကို မသွားလာဖို့နဲ့ မိုင်းရှင်းလင်းထားတဲ့ နေရာတွေဖက်ကိုသာ သွားလာကြဖို့ အသိပေးထားပါတယ်။