ယမန့်နေ့က ပစ်ချခံရသည့် စစ်ကောင်စီတပ်၏ MI-17 ရဟတ်ယာဉ်ထဲ လိုက်ပါလာသူအားလုံး ၆ ဦးစလုံး လေယာဉ်ထိခိုက်ပျက်စီးမှုနှင့်အတူ သေဆုံးသွားကြောင်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက ဖော်ပြထားသည်။
ပစ်ချခံရသည့် လေယာဉ်ပျက်ကျနေရာကို သွားရောက်ရှင်းလင်းခဲ့ရာ MI-17 လေယာဉ်ထဲလိုက်ပါစီးနင်းသူ ခြောက်ဦးစလုံး လေယာဉ်မီးလောင်ပျက်စီးရာတွင် သေဆုံးသွားသည်ဟု ဆိုသည်။
ယမန်နေ့တွင် လေယာဉ်ထိခိုက်ပျက်ကျမှုနှင့်အတူ ၆ ဦးသေပြီး လေယာဉ်မှူးတစ်ဦးကို အရှင်ဖမ်းမိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း KIO သတင်းနှင့်ပြန်ကြားရေးဌာနက လိုက်ပါစီးနင်းလာသူ အားလုံးသေဆုံးကြောင်း သတင်းဖော်ပြခြင်း ဖြစ်သည်။
၎င်းလေယာဉ်သည် ဝိုင်းမော်မြို့နယ် နာဖေါ့စစ်ကောင်စီတပ်စခန်းသို့ စစ်လက်နက်နှင့် ရိက္ခာသွားရောက်ပို့ပေးစဉ် ပစ်ချခံရခြင်း ဖြစ်သည်။
နေ့လယ်ပိုင်း လေယာဉ်ပစ်ချခံရပြီးနောက် နာဖေါ့စစ်ကောင်စီတပ်စခန်းမှ အင်အား ၄၀ ခန့်ဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ညနေ ၅ နာရီခွဲအချိန်ခန့်တွင်လည်း နာဖေါ့အထက်ပိုင်း KIO ထိန်းချုပ်နယ်မြေ လိုင်စင်တောင်ဘက်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ကြောင်း KIA သတင်းက ဆိုသည်။
အလားတူ လေယာဉ်ပစ်ချခံရသည့် ယမန်နေ့ည ၁၀ နာရီခွဲအချိန်ခန့်တွင် မိုးမောက်မြို့နယ် နွမ်လန်းနှင့် ခန်းကိုင်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းများမှ လိုင်ဇာဘက်သို့ ဦးတည်၍ လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။