ဒီကနေ့ ပုသိမ်ထောင်က ပြန်လွတ်လာသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေး အပါအဝင် နိုင်ငံရေးအကျဉ်းသား အမျိုးသား နှစ်ဦး လွတ်မြောက်တယ်လို့ အကျဉ်းဦးစီးဌာနက သိရပါတယ်။
“ နိုင်ငံရေး မှု ပုဒ်မ ၅၀၅ (ခ) အမျိုးသမီး တဦးနဲ့ အမျိုးသားနှစ်ဦး လွတ်တယ်၊ အမျိုးသမီး က ထောင်ထဲကို လက်သုံးချောင်းထောင်ပြီး ဝင်လာတဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးပါ၊ အမျိုးသားနှစ်ယောက်ကတော့ ပုသိမ်မြို့က နိုင်ငံရေးသမားတွေပါ ” လို့ ပုသိမ်အကျဉ်းထောင် ဝန်ထမ်းတဦးက DNA ကိုပြောပါတယ်။
ဒေါက်တာလှမြတ်သွေးဟာ ပုသိမ်ထောင်က လွတ်ရက်စေ့လို့ လွတ်လာတာဖြစ်ပြီး လက်ရှိအခြေအနေမှာ သူမအနေဲ့ သူမရဲ့ ဇာတိမြို့ဖြစ်တဲ့ ငါးချောင်းမြို့မှာသာ နေထိုင်ရမှာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတချို့ဆီက သိရပါတယ်။
NLD ပါတီအစိုးရလက်ထက် ဧရာဝတီတိုင်းအစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ပုသိမ်မြို့က ဝန်ကြီးများအိမ်ရာထဲမှာ အကျယ်ချုပ်နဲ့ နှစ်နှစ်နီးပါး ထိန်းသိမ်းခဲ့သလို ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ (၃၀)ရက်မှာ ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့ပါတယ်။
“ ဆရာမကြီးက အတော်ပိန်သွားတယ် ကျန်းမာရေးက ကောင်းပါတယ်၊ ထောင်ကလွတ်လွတ်ခြင်းပဲ သူမြို့ကို တန်းပြန်သွားတယ် ” လို့ ဒေါက်တာလှမြတ်သွေးနဲ့ နီးစပ်သူတဦးက ဆိုပါတယ် ။
ဒေါက်တာလှမြတ်သွေးဟာ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက စလို့ ၂၀၂၀ ရွေးကောက်ပွဲအထိ ရေကြည်မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံရတဲ့ တဦးတည်းသော NLD ပါတီဝင် အမျိုးသမီးတဦး ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဆက်လက်အရွေးခံရကာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာလည်း ရေကြည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌနဲ့ အစိုးရအဖွဲ့ အားလုံးကို နေအိမ်အကျယ်ချုပ်နဲ့ နှစ်နှစ်နီးပါး ဖမ်းဆီးထားပြီး ခံဝန်တွေနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ဒေါက်တာလှမြတ်သွေး ကတော့ ခံဝန်လက်မှတ်မထိုးတာ၊ သူရဲ့ဝန်ကြီးဌာန ဝန် ထမ်းတွေအတွက် ရည်ရွယ်တဲ့ စစ်တပ်အာဏာမှု ဆန့်ကျင်ရေးစာတစောင် ထုတ်ပြန်တာတွေကြောင့် စစ်ကောင်စီက ပြန်လွှတ်မပေးဘဲ ပုသိမ်ထောင် တရားရုံးကနေ ထောင်နှစ်နှစ် ချခဲ့တာပါ။