စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများမှ ပြည်သူများကို ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ်က ဆက်လက် စစ်ကြောင်းထိုးနေ၍ ပြည်သူ ၅၀၀၀ ကျော်ထပ်မံ ထွက်ပြေးနေရကာ ကံသာယာရွာကို မီးရှို့နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၆ ရက်နေ့တွင် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ မြင်းဒေါင်းရွာ၌ ၃ ညအိပ် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တဲစုရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူ ၃ ဦးကို ဖမ်းဆီးကာ ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး မြစ်တော်ရွာမှ တစ်ဆင့် ကံသာယာရွာကို ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
လက်ရှိချိန်တွင် မြင်းဒေါင်းရွာ၊ မြစ်တော်ရွာ၊ သာဂရရွာ၊ ဂွေးကုန်းရွာ၊ တဲစုရွာ၊ ကံသာယာရွာ၊ ဘအိုးရွာ၊ ကန်သစ်ရွာနှင့် မောက်ပက်ရွာတို့မှ ပြည်သူ ၅၀၀၀ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက မြင်းဒေါင်းရွာကနေ တဲစုရွာကို အလစ်ငိုက်ဝင်စီးခဲ့တာ ရွာခံအမျိုးသား ၃ ဦးဖမ်းဆီးခံခဲ့ရတယ် ၁ ဦးကတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်ထားပြီး မြစ်တော်ရွာကနေတစ်ဆင့် ကံသာယာရွာကို ရောက်ရှိနေတယ်။ အင်တိုင်းရွာနဲ့ မြင်းဒေါင်းရွာက ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၃၀ ခန့်ကို ပြန်လွှတ်မလွှတ် အတည်မပြုနိုင်သေးဘူး။ ၃ ရက်နေ့ကတည်းက အဖမ်းခံထားရတဲ့ ပြည်သူ ၃၀ လောက်က မနေ့ညကအထိ ဖမ်းခေါ်ထားတုန်းပဲလို့ သိရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။